မိုင်းရှူးမြို့ မိုင်းပေါက်ကွဲမှုတွင် စိုးရိမ်ရသူ ခိုလမ်ဆေးရုံ သို့ပြောင်းရွှေ့

မိုင်းရှူးမြို့ မိုင်းပေါက်ကွဲမှုတွင် စိုးရိမ်ရသူ ခိုလမ်ဆေးရုံ သို့ပြောင်းရွှေ့
မိုင်းကွဲသည့်နေရာအနီးတဝိုက် Photo Myanmar Alinn

 အောက်တိုဘာ ၂၂ ။          ။ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကျောင်းအနီး အောက်တိုဘာ ၂၁ ရက်နေ့က ချိန်ကိုက်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရသဖြင့် ခိုလမ်ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း အကူအညီပေးနေသူ ဒေသခံများက ပြောကြားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဟံသာမုနိဘုရားကြီးကျောင်းမှ ကိုရင် ၂ ပါး အပါအဝင် ဒေါ်နန်းလိတ် (၇၅) နှစ်၊ မနန်းခင် (၁၂) နှစ် စုစုပေါင်း ၄ ဦး မိုင်းစထိမှန်၍ ဒဏ်ရာအသီးသီးရရှိခဲ့သည်။

''မိုင်းကွဲတဲ့နေရာရဲ့လမ်းတစ်ဖက်ခြားတဲ့ ဘုန်းကြီးကျောင်းက ကိုရင်လေးနှစ်ပါးကတော့ မိုင်းရှူး ဆေးရုံမှာဘဲ။ စိုးရိမ်ရတဲ့ အမျိုးသမီး နှစ်ဦးကတော့ ဒီဆေးရုံမှာ ခွဲစိတ်ကိရိယာ အစုံမရှိလို့ ခိုလမ်ပြည်သူ့ဆေးရုံကြီးကို ပို့လိုက်ပါတယ်။'' ဟု ကူညီပေးနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေးက မဇ္ဈိမသို့ပြောသည်။

ပရဟိတ ကူညီမှုပေးနေသည့် ဒေါ်နန်းဆိုင်ဟိန်းက ၇၅ နှစ်အရွယ် အမျိုးသမီးကြီးမှာ ဝမ်းဗိုက်၊ ရင်အုံ၊ နောက်ကျောတို့နှင့် ၁၂ နှစ်အရွယ် မိန်းကလေးမှာ လည်ပင်း၊ မျက်နှာတို့တွင် ထိမှန်သောကြောင့် ဒဏ်ရာပြင်းသည်ဟုဆိုသည်။

''ဒဏ်ရာစိုးရိမ်ရတယ်၊ အခု ခိုလမ်ပြည်သူ့ဆေးရုံကြီးကို ပြောင်းလိုက်ပြီ။ ကျွန်မတို့အဖွဲ့ တတ်နိုင် သလောက် ကူညီငွေလိုက်လံကောက်ခံတာ ၁သိန်းကျော်ရပါပြီ။ ငါးသောင်းတော့ လှူပြီးသွားပြီ။'' ဟု နန်းဆိုင်ဟိန်းက ပြောပြသည်။

ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဒဏ်ရာရသူနှစ်ဦးသာရှိသည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၂၀ ရက်ကလည်း မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းစံမြို့ယာယီရဲစခန်း ခြံစည်းရိုးတွင် မိုင်းနှစ်လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly