ဇာတ်နိမ့်ကလေးငယ်များ မီးရှို့အသတ်ခံရပြီးနောက် အန္ဒိယတွင် ဆန့်ကျင်မှုများ ဖြစ်ပွား

ဇာတ်နိမ့်ကလေးငယ်များ မီးရှို့အသတ်ခံရပြီးနောက် အန္ဒိယတွင် ဆန့်ကျင်မှုများ ဖြစ်ပွား

နယူးဒေလီ၊ အောက်တိုဘာ-၂၁ ။            ။ မြို့တော်ဒေလီအနီးမှ မီးရှို့တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးငယ်နှစ်ယောက် အရှင်လတ်လတ် မီးလောင်သေဆုံးမှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြသူများက အိန္ဒိယနိုင်ငံ၏ အဓိက အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ခဲ့ကြသည်။

ဇာတ်မြင့်များ၏ လက်ချက်ဟု ယူဆရသည့် အင်္ဂါနေ့အစောပိုင်းက ဖာရီဒါဘတ်မြို့မှ နေအိမ်ကို မီးရှို့မှုတွင် လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးနှင့် ၉လသားအရွယ် ကလေးငယ်တစ်ဦး   သေဆုံးခဲ့ရသည်။

ထိုအမှုနှင့် ပတ်သက်၍ လူသုံးဦးကို ရဲက ဖမ်းဆီးထားပြီး အခြား၉ဦးကိုလည်း လိုက်လံရှာဖွေလျှက်ရှိသည်ဟု ဆိုသည်။

ကလေးငယ်များ၏ မိဘများမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြပြီး မိခင်ဖြစ်သူမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ ထိုဖြစ်ရပ်ကြောင့် နယ်မြေအတွင်း တင်းမာမှုများ   မြင့်တက်လာသည့်အတွက် လုံခြုံရေးတင်းကျပ်ထားရသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၀ရက်နေ့တွင်မူ အမှုနောက်ကွယ်မှလူများကို အရေးယူပေးရန် တောင်းဆိုနေကြသည့် လူငယ်များက ဖာရီဒါဘတ်ရှိ လမ်းများကို ပိတ်ဆို့ခဲ့ကြသည်ဟု ဆိုသည်။

ဒေလီအပြင်ဘက် ၂၅မိုင်အကွာ ဖာရီဒါဘတ်ခရိုင်အတွင်းရှိ ၎င်းတို့၏ နေအိမ်ကို တိုက်ခိုက်သူများက ဓာတ်ဆီဖြင့် ဖျန်းပြီး မီးတင်ရှို့ချိန်တွင် အထဲ၌   မွေးကင်းစကလေးငယ်နှင့်   နှစ်နှစ်အရွယ်အစ်မဖြစ်သူတို့မှာ အိပ်ပျော်နေခဲ့သည်ဟု ဆိုသည်။

‘သူတို့က ပြတင်းပေါက်ကနေ ဓာတ်ဆီနဲ့ လောင်းတဲ့အချိန်မှာ ကျနော်တို့က အိပ်ပျော်နေခဲ့ကြတယ်။ ဓာတ်ဆီနံ့ရလို့ မိန်းမကို နှိုးဖို့ပြင်နေတုန်းမှာ မီးက စလောင်နေခဲ့ပြီ။ ကျနော့်ကလေးတွေ မီးထဲမှာပဲ သေသွားခဲ့ကြတယ်’ဟု ဂျီတင်ဒါဟု အမည်ရသည့် ဖခင်ဖြစ်သူက Press Trust of India သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

‘သူတို့က ကျနော့မိသားစုကို သတ်ပစ်မယ်။ ကျနော် ရွာကို ပြန်မလာသင့်ဘူးလို့ ခြိမ်းခြောက်တယ်’’ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုမှာ ယမန်နှစ်ကလည်း လူ၃ယောက် သေဆုံးခဲ့ရသည့် ဇာတ်နိမ့်နှင့် ဇာတ်မြင့် အသိုင်းအဝိုင်းများကြား ကျောင်းတော်က ရန်စကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဖာရီဒါဘတ် ရဲကော်မရှင်နာ ဆူဘတ် ယာဒက်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

မထိရဟုလည်းခေါ်သည့် ဒါလစ် (Dalit)များမှာ အိန္ဒိယ၏ ဟိန္ဒူအမျိုးဇာတ်စနစ်တွင် အောက်ဆုံးအဆင့်ဝင်များဖြစ်သည်။ အိန္ဒိယတွင် ဇာတ်ခွဲခြားမှုကို တရားမဝင် ပိတ်ပင်ထားသော်လည်း   နေရာအတော်များများတွင် ဘက်လိုက်မှုများ ရှိနေဆဲပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly