မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်ဦးထုပ်များ အခမဲ့ပေးဝေ

မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်ဦးထုပ်များ အခမဲ့ပေးဝေ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ နိုဝင်ဘာ ၂၈။           ။ မန္တလေးမြို့ အမှတ် (၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးဆောင်ကာ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ယာဉ်စည်းကမ်းလိုက်နာသည့် မော်တော်ဆိုင်ကယ် ယာဉ်မောင်းများအား ဆိုင်ကယ်ဦးထုပ်များ အခမဲ့ ပေးဝေမှုကို  နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ပြုလုပ်ခဲ့သည်။

ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို စစ်ဆေးကာ သတ်မှတ် စည်းကမ်းချက်များနှင့် ပြည့်စုံသူများကိုသာ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ဖြန့်ဝေ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ ယာဉ်စည်းကမ်း ပိုမိုလိုက်နာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် မှ ရဲအုပ် အေးဇော်ဝမ်းက ဆိုသည်။

''ဆိုင်ကယ် စီးနင်းသူတွေ စည်းကမ်းလိုက်နာပြီး အသက်အန္တရာယ် ကင်းဝေးစေဖို့ ဦးထုပ်တွေ အခမဲ့ ပေးဝေခြင်း ဖြစ်ပါ တယ်။ ဒီလို ပေးဝေတဲ့အခါမှာလည်း အသိပညာပေး လုပ်ငန်းတွေအနေနဲ့ ဆိုင်ကယ်တစ်စီးမှာ ရှိရမယ့် တပ်ဆင်ထားမှု တွေ ပြည့်စုံမှုရှိရဲ့လားဆိုတာ အရင်ဆုံး စစ်ဆေးပါတယ်။ ဒါအပြင် ဦးထုပ်ဆောင်းထားသူနဲ့ ယာဉ်မောင်း လိုင်စင်ရှိသူတွေ ကို စစ်ဆေးရွေးချယ်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေကို အခမဲ့ ဖြန့်ဝေပေးတာ ဖြစ်ပါတယ် '' ဟု ၎င်းက ပြော သည်။

ဆိုင်ကယ်စီးဦးထုပ် အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးလုပ်ငန်း အစီအစဉ်အား နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ မန္တလေးခရိုင်အတွင်း မြို့နယ်အလိုက် အလှည့်ကျ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီး ဦးထုပ်များ လှူဒါန်းသည့် မျိုးသိမ်း အီလက်ထရောနစ်လုပ်ငန်းမှ အလှူရှင် ဦးမျိုးသိမ်းက ဆိုင်ကယ်စီး ဦးထုတ်များ လှူဒါန်းရခြင်းမှာ အသက်အန္တရာယ်ကို ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။

''ဆိုင်ကယ်စီးနင်းသူတွေ ဦးထုပ်ဆောင်းတဲ့အတွက် အသက်အန္တရာယ်ကို ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံ ထုတ် ဆိုင်ကယ်စီး ဦးထုပ်အလုံးရေ တစ်သောင်းကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့ပေါင်း ၄၀ မှာ ဖြန့်ဝေပေးနိုင်ဖို့ လှူဒါန်း တာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာတော့ အလုံးရေ ၆၀၀ ကို လူသွားလာမှု အများဆုံးလမ်းတွေနဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေးမှုတွေနဲ့အတူ အခမဲ့ ဖြန့်ဝေလှူဒါန်းသွားမှာပါ ''ဟု ၎င်းက ပြောသည်။

မန္တလေးခရိုင်အတွင်းတွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ မော်တော်ဆိုင်ကယ် အပါအဝင် ယာဉ်မတော်တဆမှု အဖြစ် ၁၄၅ မှု ဖြစ်ပွားခဲ့ကာ ၇၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly