“ မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ သို့မဟုတ် ပြည်ခိုင်ဖြိုး သမ္မတလောင်း ပြဿနာ ”

“ မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ သို့မဟုတ် ပြည်ခိုင်ဖြိုး သမ္မတလောင်း ပြဿနာ ”

အခုဆို ရွေးကောက်ပွဲကျင်းပဖို့ နှစ်ပတ်ကျော်ကျော်လောက်ပဲ လိုပါတော့တယ်။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပြည်သူတွေရဲ့ မဲရဖို့ ကြိုးစားနေရတဲ့ကြားထဲ ပါတီတွင်း ပြဿနာကလည်း မပြီးနိုင်၊ မစီးနိုင် မီဒီယာတွေပေါ် ရောက်လို့ လာပြန်ပါတယ်။ အဲဒါကတော့ ပါတီတွင်း သမ္မတလောင်း ရွေးချယ်မှု ပြဿနာပါ။ ဘယ်လို ပြဿနာများလဲ၊ ပြည်ခိုင်ဖြိုးပါတီရဲ့ အခြေအနေဟာ မုံ့ဆီကြော်က ဘယ်နေမှန်း မသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှု အခြေအနေမျိုး ရောက်နေသလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေ မစခင် ကာလလေးမှာပဲ ပြည်ခိုင် ဖြိုးပါတီတွင်း ကြီးမားတဲ့ အကွဲအပြဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ တပ်ထဲက အငြိမ်းစားယူပြီး ထွက်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အစိုးရအဖွဲ့ ပေါင်းပြီး သူရဦးရွှေမန်းနဲ့ သူ့အုပ်စုကို ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ကနေ ဖယ်ရှားလိုက်ခြင်းပါ။ ဒါကို တစ်ချို့က ပါတီတွင်း အာဏာသိမ်းပွဲလို့ ခေါ်ကြပေမယ့် သမ္မတ ဦးသိန်းစိန် ဘက်တော်သားတွေကတော့ ဒါ အာဏာသိမ်းပွဲ မဟုတ်၊ အာဏာသိမ်းစရာမလို၊ ဦးသိန်းစိန်ဟာ နဂိုကတည်းက ပါတီဥက္ကဋ္ဌမို့ သူ့ဖာသာသူ ပါတီတွင်း ပြောင်းလဲမှု လုပ်လိုက်တာလို့ တုန့်ပြန်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါတီတွင်း ကွဲပြဲမှုကြီး ဖြစ်ခဲ့တာကတော့ သေခြာပါတယ်။

ဒီလို ကြီးမား၊ အရုပ်ဆိုး အကျည်းတန်တဲ့ အကွဲအပြဲကြီး ဖြစ်ပေါ်ခဲ့ရတဲ့ မူလ အကြောင်းရင်းကလည်း ပါတီတွင်း သမ္မတလောင်းနေရာ ယှဉ်ပြိင်မှုကနေ အစပြုတာပါ။ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့နေရာ သိပ်မပေးမှုကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပဲ လုပ်ခွင့်ရခဲ့တဲ့ သူရဦးရွှေမန်းဟာ နောက်ပိုင်းကာလမှာ သမ္မတလုပ်လိုကြောင်း အတိအလင်းပြောဆို ကြိုးစားခဲ့တာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပြည်ခိုင်ဖြိုးပါတီတွင်း သမ္မတလောင်း ဖြစ်ဖို့ဆိုရင် ပါတီဦးဆောင်မှုနေရာ ရဖို့လိုသလို၊ ပါတီကို တပ်မတော်က လွှမ်းမိုးတာမဟုတ်ပဲ တပ်မတော်ကို ပါတီက ဦးဆောင်မှ ဖြစ်နိုင်မယ်ဆိုတာ သိသလို အဲလို ဖြစ်အောင်လည်း ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်း အောင်မြင်မှု မရပါဘူး။ ပြည်ခိုင်ဖြိုးပါတီကို သူ့လက်ထဲက နေ တပ်နဲ့ အစိုးရဘက်က ပြန်ပြီး သိမ်းယူလိုက်တာကို ခံလိုက်ရခြင်းနဲ့ အဆုံးသတ်သွားပါတယ်။

သူ့ကို ပါတီခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားခြင်း မလုပ်မီကာလမှာကတည်းက သမ္မတလောင်းကိစ္စ ပြဿနာ ပေါ်ခဲ့ပါသေးတယ်။ သူရဦးရွှေမန်းအုပ်စု ဘက်က ပါတီတွင်းမှာ သမ္မတလောင်း ကို စောစောစီးစီး ရွေးချယ်ထားချင်ပြီး သမ္မတ ဦးသိန်းစိန် အုပ်စုဘက်ကတော့ ရွေးကောက်ပွဲ အနိုင်ရအောင် အရင် လုပ်ကြ မယ်။ ပြီးနောက်မှ သမ္မတလောင်း ဘယ်သူ့ကို တင်မလဲ ရွေးချယ်ကြဖို့ သဘောထားရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကာလ ကတည်းက သူရဦးရွှေမန်းအနေနဲ့ ပါတီတွင်း သမ္မတလောင်း အမည်စာရင်းနဲ့ ပတ်သက်ပြီး သတင်း မီဒီယာတွေကို ဖြေကြားရာမှာ ပါတီအနေနဲ့ ရွေးချယ် ထားပြီး ဖြစ်ပါတယ်၊ အားလုံးလည်း သိကြမှာပါ၊ စသဖြင့် သူသာ သမ္မတလောင်းဖြစ်ကြောင်း သွယ်ဝိုက် ထုတ်ဖော်ပြောဆိုလေ့ ရှိခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ပြသနာဟာ သူရဦးရွှေမန်း ပါတီခေါင်းဆောင် နေရာကနေ ဖယ်ရှားခံရပြီးနောက် ပြီးဆုံးသလိုလို ဖြစ်သွား ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တနင်္သာရီတိုင်းမှာ ဗိုလ်ချုပ်ဟောင်း ခင်ဇော်ဦးက မဲဆွယ်စည်းရုံးရင်း ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းဟာ လက်ရှိသမ္မတ ဦးသိန်းစိန်ပဲ ဆိုပြီး အစောဆုံး ထုတ်ဖော် ပြောဆိုလာပါတယ်။ သူပြောပြီး သိပ်မကြာခင် ပါတီ ယာယီဥက္ကဋ္ဌ ဦးဌေးဦးကို မီဒီယာ တွေက မေးတော့ ဒါ သူ့တစ်ဦးချင်း ပြောတာပဲ ဖြစ်မှာပါ။ သူ့ကို သမ္မတလောင်း တာဝန်ပေး ရင်သူလည်း လုပ်နိုင်တယ်၊ သူတို့ပါတီမှာ သမ္မတတာဝန် ထမ်းဆောင်နိုင်တဲ့သူ အများကြီးဆိုပြီး သူလည်း သမ္မတ အရည်အချင်းရှိကြောင်း ထုတ်ပြောခဲ့ပါတယ်။ အဲ သိပ်မကြာသေးခင်တုန်းကတော့ ပါတီ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျူးလုပ်ရာမှာ သူတို့ပါတီရဲ့ သမ္မတလောင်းအနေနဲ့ လက်ရှိ သမ္မတကြီး ဦးသိန်းစိန်ကိုပဲ လျာထားကြောင်း တရားဝင် ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။

အဲဒီ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သဘောကျပုံ မရပါဘူး။ ပါတီရဲ့ သမ္မတလောင်း ဆိုတာ တစ်ယောက်ချင်းစီက အဲလိုပြောလို့ရတဲ့ ကိစ္စမဟုတ်၊ ပါတီဝင်တွေက ဆုံးဖြတ်ရမှာ၊ ပါတီက ဆုံးဖြတ် ရမှာဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွေရှေ့မှာ သမ္မတ ဦးသိန်းစိန် ရုပ်ပုံ ကြီးတွေ ထောင်ထားသလို၊ မြို့နယ်အသီးသီးက မဲဆွယ်စည်းရုံးရေး ကားကြီးတွေရဲ့ မျက်နှာစာမှာလည်း သမ္မတ ဦးသိန်းစိန်ပုံကို ချိတ်ဆွဲပြီး လှည့်လည် မဲဆွယ်နေကြတာပါ။ ပြောရရင် ခုချိန်ထိ ပြည်ခိုင်ဖြိုးပါတီထဲမှာ သမ္မတလောင်းပြဿနာ ရှိနေဆဲဆိုတာကို ဒီလို ပြောဆိုမှုတွေက မီးမောင်းထိုး ပြနေတာပါ။

တကယ်လို့များ လာမယ့် ရွေးကောက်ပွဲမှာ သူရဦးရွှေမန်းဟာ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် အဖြစ် ရွေးကောက်ခံရပြီး လွှတ်တော်ထဲ ပြန်ရောက်လာရင် အဲဒီပြဿနာ ဆက်ရှိနေနိုင်ပါသေး တယ်။ အကြောင်းကတော့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြတဲ့ အမတ်လောင်း တွေထဲမှာ သူရဦးရွှေမန်း အုပ်စုက သူတွေလည်း ပါဝင်နေပြီး သူတို့ထဲက တစ်ချို့ လွှတ်တော်ထဲ ရောက်ကောင်း ရောက်သွားနိုင်လို့ပါ။ အဲလို အခြေအနေဆိုရင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်တွင်း သမ္မတရွေးချယ်ပွဲမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းတွေရဲ့ မဲဟာ သမ္မတဦးသိန်းစိန်ကို ထောက်ခံသူအုပ်စုနဲ့ သူရဦးရွှေမန်းကို ထောက်ခံသူအုပ်စု ကွဲသွားနိုင်လို့ ဖြစ်ပါတယ်။ ဒါက သူရဦးရွှေမန်း နောက်လာမယ့် လွှတ်တော်ထဲ ရောက်သွားမှ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေဖြစ်ပြီး တကယ်လို့ သူရဦးရွှေမန်း အမတ်အဖြစ် အရွေးချယ် မခံရ၊ ရှုံးသွားမယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးရဲ့ ပါတီတွင်း သမ္မတလောင်း ဇာတ်လမ်း နိဌိတံ သွားမှာ ဖြစ်ပါတယ်။

ပြောမယ့်သာပြောရ။ ပြည်ခိုင်ဖြိုးပါတီကနေ ဒုသမ္မတလောင်း တစ်ယောက် ရွေးချယ်ခံရဖို့ ဆိုတာဟာ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် အမတ်စုစုပေါင်း နေရာရဲ့ တစ်ဝက်ကျော် နိုင်ရင်နိုင်၊ ဒါမှမဟုတ် အမျိုး သားလွှတ်တော် အမတ်စုစုပေါင်းရဲ့ တစ်ဝက်ကျော်နိုင်မှ ဖြစ်မှာပါ။ လက်ရှိ အနေအထားအရ ပြည်ခိုင်ဖြိုးပါတီ ဟာ အဲလိုအနိုင်ရဖို့ အလားအလာ မရှိတာ ကတော့ သေခြာသလောက် ပါပဲ။ ဒီအတွက် ပြည်ခိုင်ဖြိုးပါတီရဲ့ ပါတီတွင်း သမ္မတလောင်းနေရာ အငြင်းပွားမှုဟာ မုံ့ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တဲ့ပါ့မလား ဆိုတဲ့ တွေးပူမှုမျိုးနဲ့သာ ဆင်တူနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags