ရွေးကောက်ပွဲနီးလာလေ ပြည်သူတွေ နိုးကြားလာလေလေ

ရွေးကောက်ပွဲနီးလာလေ ပြည်သူတွေ နိုးကြားလာလေလေ

အခုတလော မြန်မာ့ မီဒီယာလောက၊ နိုင်ငံရေးနယ်ပယ်နဲ့ ပြည်သူလူထုကြားမှာ နေ့တိုင်းလိုလို ကြားနေရတဲ့ သတင်းတွေကတော့ ရွေးကောက်ပွဲ ရွေးကောက်ပွဲဆိုတဲ့ အသံတွေပါပဲ။
တကယ်တော့လည်း ဒီမိုကရေစီ ရွေးကောက်ပွဲ အစစ်အမှန်ကို ရာစုနှစ်ဝက်ကျော် မကြုံဘူး မဖြတ်သန်းဘူးသေးတဲ့ ကျွန်တော်တို့ ပြည်သူတွေအဖို့ အခုလို ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားကြတာ၊ မီဒီယာတွေကလည်း တခုတ်တရ ဖေါ်ပြကြတာနဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ နိုးနိုးကြား ကြား ဖြစ်နေကြရတာဟာာ ဆန်းတော့ မဆန်းလှပါဘူး။ ဒီလိုပဲ ဖြစ်ကြရမှာဖြစ်ပြီး ဒီလို ဖြစ်လာရတာ ဟာလည်း ကောင်းပါတယ်။

မီဒီယာလောကသားတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို ရပ်တည်ရေးသား ဖေါ်ပြ ကြရမယ်ဆိုတဲ့ အခြေခံမူ ရှိပါတယ်။ ဘက်မလိုက်ရဘူးဆိုတဲ့ မူပါပဲ။ ဒီနေရာမှာ မိမိတို့ တစ်ဦးချင်းအ နေနဲ့ မည်သည့်ပါတီ၊ မည်သည့် ကိုယ်စားလှယ်လောင်းကိုပဲ ဖြစ်ဖြစ် ကြိုက်ခွင့် ရွေးချယ်ခွင့် ရှိရပါ တယ်။ ဒါက နိုင်ငံသားတစ်ဦးဖြစ်တဲ့ မည်သူမဆို ရှိရမယ့် ရှိခွင့်ရှိတဲ့ အခြေခံအခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းများ ရေးသားတဲ့အခါမှာတော့ ကိုယ်နှစ်သက် ရွေးချယ်ရာပါတီနဲ့ ကိုယ်စားလှယ်များ ဘက်က ဘက်လိုက်ပြီး ရေးလို့မရပါဘူး။ အမှန်ကို အမှန်အတိုင်း ရေးကြရမှာပဲ ဖြစ်ပါတယ်။ မျှတကြရ ပါမယ်။ ကိုယ့်ရဲ့ အတ္တနောမတိ မပါရလေအောင် ရပ်တည်ပြီးမှ ရေးကြရမှာ ဖြစ်ပါတယ်။

တခါ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်များအနေနဲ့လည်း ကိုယ် ကိုယ်စားပြုရာ၊ ကိုယ်နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်များနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ရွေးကောက်ပွဲအပေါ် အမြင်ပဲဖြစ်ဖြစ် အစွန်းမရောက်ဖို့ လိုအပ်ပါတယ်။ မှန်ပါတယ်။ ကိုယ် ကိုယ်စားပြုတဲ့ဘက်ကို ကိုယ်စားပြုပြောကြတာ ဖြစ်လို့ ဘက်လိုက်ရမှာပဲ ဖြစ်ပါတယ်။ သူတို့အတွက်တော့ ဘက်လိုက်တာဟာ တရားပါတယ်။ ဒါပေ မယ့် မဟုတ်မမှန် လုပ်ကြံတဲ့ ဘက်လိုက်မှုမျိုး၊ ပါတီများ၊ ပုဂိုလ်များရဲ့ သီးခြားလွတ်လပ်ခွင့်ကို မထိပါး စေတဲ့ ဘက်လိုက်မှုမျိုးပဲ ဖြစ်ရပါမယ်။ တဖက်သတ် ဂုဏ်သိက္ခာ ထိခိုက်စေမယ့် အပြုအမူ အပြောအ ဆိုများကိုတော့ ရှောင်ရှားကြရမှာပဲ ဖြစ်ပါတယ်။ ဥပမာ ကိုယ်မယုံကြည်တဲ့ ပါတီတစ်ခုခုကို ခွေးနဲ့နှိုင်း ပြီး ပြောတာမျိုး၊ မဟုတ်မမှန် လုပ်ကြံထားတဲ့ သတင်တွေနဲ့ ပူးတွဲ ပြောဆိုတာမျိုး၊ ပုဂိုလ်ရေး တိုက်ခိုက်ပြီး သိက္ခာချတဲ့နည်းနဲ့ ပြောဆိုတာမျိုးတွေကို ရှောင်ကြရမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ လူမျိုး၊ ဘာသာ ကွဲပြားမှုအပေါ်မူတည်ပြီး မုန်းတီးအောင် အထင်လွဲအောင် ပြောဆိုပြီး လူတို့ရဲ့ မသိနားမ လည်မှု မရင့်ကျက်မှုနဲ့ အားနည်းမှုအပေါ် အခွင့်အရေးယူပြီး လှုံ့ဆော် ပြောဆိုတာမျိုးတွေကို ရှောင်ကြရမှာ ဖြစ်ပါတယ်။

နောက်တခါ မိမိတို့ ပြည်သူများအနေနဲ့ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်လို့ စိတ်ဝင်စားမှု ပိုရှိ လာကြတာ၊ နိုးကြားသထက် နိုးကြားလာကြတာဟာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ကိုယ်ယုံကြည် ရာ ပါတီတွေ၊ လူပုဂိုလ်တွေအပေါ်မူတည်ြ့ပီး ကိုယ်မယုံကြည်တဲ့ ပါတီများ၊ လူပုဂိုလ်များအပေါ် ထိပါး နှိမ့်ချတဲ့ စကားတွေ အပြုအမူတွေ ပြောဆိုပြုမူလို့ မရပါဘူး။ တပြိုင်နက်တည်းမှာပဲ ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း တိုင်းပြည်မတည်မငြိမ် ဖြစ်စေနိုင်တဲ့ ဘာသာရေး၊ လူမှုရေးနဲ့ လူမျိုးရေး အမြင်ကျဉ်း အစွန်းရောက် သဘောထားများကိုလည်း မျက်ခြေမပြတ် လေ့လာ စောင့်ကြည့် ရှောင်ရှား ကြရမှာပဲ ဖြစ်ပါတယ်။ ပါတီစွဲ ပုဂိုလ်စွဲလွန်ကဲမှု၊ လူမျိုးဘာသာ အစွန်းရောက်မှုကို တိုင်းပြည်ချစ်စိတ် လူ့အခြေခံအခွင့်အရေးများအပေါ် လေးစားလိုက်နာစိတ်ဆိုတဲ့ နိုင်ငံကြီးသားစိတ်ဓါတ်များနဲ့ အကဲဖြတ် ကြရမှာပဲ ဖြစ်ပါတယ်။ တိုင်းပြည်အပေါ် အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်ကြမယ့် ပုဂ္ဂိုလ်ဖြစ်မယ် ထင်ရသူကိုသာ မှန်ကန်စွာ ရွေးချယ်ကြရမှာပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနှင့် ပြောရလျင် ရွေးကောက်ပွဲကြီးကတော့ ရက်ပိုင်းအတွင်း ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကြီးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ကြဖို့အရေး လွန်စွာ အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags