တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုဖြစ်

တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ပစ်ခတ်မှုဖြစ်
မွန်ပြည်သစ်ပါတီ(NMSP) ရဲဘော်များကိုတွေ့ရစဉ်။

နိုဝင်ဘာ ၂၇။      ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ဘုရားသုံးဆူမြို့နယ်တွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

တပ်မတော်သည် ဘုရားသုံးဆူမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ(NMSP)စခန်းရှိရာသို့ သွားရောက်စဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း NMSP ၏ ထားဝယ်ခရိုင်ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်းက မဇ္ဈိမသို့ ပြောသည်။

“ တိုက်ပွဲဖြစ်တာတော့ ကြားတယ်။ ဖြစ်တာက တပ်မတော်ဘက်က မွန်ပြည်သစ်ပါတီရဲ့ စခန်းဘက်ကို သွားရင်နဲ့ ပစ်ခတ်မှုဖြစ်တာလို့ ပြောတယ်။ အသေးစိတ်တော့ ကျွန်တော်လည်း မသိသေးဘူး၊ အခု ခရီး သွားနေ တော့ လေ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု ရပ်တန့်သွားပြီး ဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက် နစ်နာမှု မည်သို့ ရှိကြောင်းကို မသိ ရသေးကြောင်း နိုင်ဉာဏ်ထွန်းက ဆိုသည်။

ဘုရားသုံးဆူမြို့အဝင်ကို တွေ့ရစဉ်။

ဘုရားသုံးဆူမြို့နယ်မှ ဒေသခံ တစ်ဦးကတော့ တပ်မတော်မှ ကြာအင်းဆိပ်ကြီး ဗျူဟာသည် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေခြင်းအပေါ် ဆွေးနွေးရန် ဘုရားသုံးဆူမြို့နယ်ရှိ NMSP ဆက်ဆံ ရေးရုံးသို့ သွားရောက်စဉ် အထဲမှာ ပစ်ခတ်လိုက်ခြင်းကြောင့် ပစ်ခတ်မှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ မွန်ဆက်ဆံရေးရုံးကို တပ်ကသွားတာ ဝင်းထဲက ပစ်တော့ တပ်ဘက်က တပ်ရင်းမှူး ထိသွားတယ်၊ ဗျူဟာမှူး က မထိဘူး၊ ဗျူဟာမှူးဘေးမှာ ပါတဲ့ အရပ်သားတစ်ဦးလည်း ထိသွားတယ်။ အခုတော့ တပ်မတော်က မွန် ပြည် သစ်ပါတီ တပ်ဖွဲ့ဝင်တွေကို လိုက်ပြီး ရှင်းလင်းရေးလုပ်နေတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး မောင်မောင်လတ်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေး တက်နေကြောင်းပြန်လည် ပြော လာခြင်းကြောင့် မေးမြန်းခွင့် မရခဲ့ပေ။

ထို့နောက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်သည့် ဗိုလ်ချုပ် ထွန်းထွန်းညီနှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

မွန်ပြည်သစ်ပါတီ(NMSP)၏ ဘုရားသုံးဆူမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ နိုင်အာကာကို ဆက်သွယ် သော် လည်း ဖုန်းဆက်သွယ်မှု မရရှိခဲ့ပေ။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု နည်းပါး လှသော တပ်ဖွဲ့လည်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required