မာလီနိုင်ငံတွင် စစ်ရဟတ်ယာဉ်နှစ်စီးတိုက်မိရာမှ ပြင်သစ်စစ်သားများသေဆုံး

မာလီနိုင်ငံတွင် စစ်ရဟတ်ယာဉ်နှစ်စီးတိုက်မိရာမှ ပြင်သစ်စစ်သားများသေဆုံး

ပဲရစ်၊ နိုဝင်ဘာ ၂၇။            ။ မာလီနိုင်ငံမြောက်ပိုင်းတွင် အစ္စလမ်စစ်သွေးကြွများကို စစ်ဆင်ရေးလုပ်ဆောင်နေစဉ်အတွင်း  ပြင်သစ်စစ်ရဟတ်ယာဉ် နှစ်စီး မတော်တဆတိုက်မိပြီး စစ်သား ၁၃ ယောက်သေဆုံးခဲ့ကာ နှစ် ပေါင်းလေးဆယ်အတွင်း ပြင်သစ်စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ရဟတ်ယာဉ်နှစ်စီးနှင့် ဂျက်လေယာဉ်တစ်စီးတို့သည် ဘာကီးနားဖာဆိုနိုင်ငံနှင့် နိုင်ဂျာနိုင်ငံ နယ်စပ်အနီး မာလီနိုင်ငံမြောက်ပိုင်း လစ်တာကိုဒေသတွင် စစ်သွေးကြွများနှင့်တိုက်ပွဲဖြစ်နေသည့် မြေ ပြင်တပ်ဖွဲ့ဝင်များကို ကူညီရန်သွားစဉ် မတော်တဆဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေ့က လမိုက်ညဖြစ်နေပြီး စစ်ဆင်ရေးမှာလည်း အရမ်းကိုအန္တရာယ်များ‌ကြောင်း၊ တိုက်မိသည့်အကြောင်းရင်းကို မသိရသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Tiger နှင့် Cougar ဟုအမည်ရသည့် ရဟတ်ယာဉ်နှစ်စီးသည် မြေပြင်တပ်ဖွဲ့နှင့် စစ်သွေးကြွများ တိုက်ပွဲဖြစ်နေခြင်းကို လေကြောင်းအကူအညီပေးနေရင်း မတော်တဆ တိုက်မိခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် စစ်သားအားလုံး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှအတည်ပြုသည်။

ပြီးခဲ့သည်အပတ်များက အစ္စလမ်စစ်သွေးကြွများသည် မာလီကို ဝိုင်းရံထားပြီး တပ်မတော် အခြေစိုက်စခန်းများကို အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်သည် လာမည့်ရက်များတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသည့် ပြင်သစ်စစ်သားများအတွက် စစ်ဆေးရုံနှင့် ပြတိုက်များတွင် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်ကလည်း မာလီနိုင်ငံ ဆာဟယ်ဒေသတွင် အယ်လ်ခိုင်ဒါနှင့်ဆက်နွယ်သည့် စစ်သွေးကြွများကို စစ်ဆင်ရေးလုပ်ရင်း ပြင်သစ်စစ်သား ၄၁ ဦးသေဆုံးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly