အလုပ်ချိန်မှာ တမှေးအိပ်စက်ခွင့် ပေးသင့်သလား

အလုပ်ချိန်မှာ တမှေးအိပ်စက်ခွင့် ပေးသင့်သလား

အမေရိကန်အစိုးရသည် အလုပ်ချိန်အတွင်း အိပ်စက်ခြင်းကို ခွင့်မပြုဘဲ တွင်တွင်ငြင်းဆန်သည်။ သို့သော် ထိုကိစ္စကို ပြန်လည်သုံးသပ်သင့်ပြီဟု ပညာရှင်များက ပြောကြောင်း နာမည်ကြီး ဘလော့ဂါ ဂျိုနသန်ဘားက ရေးသားသည်။

တမှေးအိပ်စက်ခြင်းအပေါ် အမေရိကန်အစိုးရက ခွင့်မပြုရန် ဆုံးဖြတ်ထားသည်။

အစိုးရဝန်ထမ်းများအတွက် အလုပ်ချိန်တွင် အိပ်စက်ခြင်းက ခွင့်ပြုစရာ မဟုတ်သော်လည်း လက်ရှိအထိ ပြတ်ပြတ်သားသား တားမြစ်ခြင်းတော့ မရှိပေ။

“ဌာနအရာရှိတစ်ဦးရဲ့ ခြွင်းချက်ပေး ခွင့်ပြုတာကလွဲလို့ အစိုးရဌာနတွေမှာ ဝန်ထမ်းတိုင်းကို တမှေးအိပ်စက်တာကို တားမြစ်ထားပါတယ်။”ဟု ယခုလ အစောပိုင်းက အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေးရုံးက အမိန့်ပြန်တမ်း ထုတ်ခဲ့သည်။

ထိုသို့ အမိန့်ထုတ်ဖြစ်စေခဲ့သည့်အထိ ဖြစ်ရသည်က မည်သည့် စေ့ဆော်ချက်ကြောင့်ဆိုသည်ကို မသိရဘဲ ၎င်းတို့ကလည်း ထင်မြင်ချက် ပေးရန် ငြင်းဆန်သည်။ သို့သော် အလုပ်သမား ဝန်ထမ်းများ တစ်ရေးအိပ်စက်ခြင်းကို အစိုးရက အရေးတယူ အမိန့်ထုတ်လာသည်က ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။

၂၀၁၈ ခုနှစ်အတွင်းက ကယ်လီဖိုးနီးယား ပြည်နယ်စာရင်းစစ်ရုံးက တစ်နေ့ကို သုံးနာရီခန့် အိပ်တတ်သည့် မော်တော်ယာဉ်မောင်းဌာန အလုပ်သမတစ်ဦးနှင့် ပတ်သက်ပြီး စာထုတ်ခဲ့သည်။ အဆိုပါ ထုတ်ပြန်သည့် အစီရင်ခံစာတွင် အဆိုပါ ဝန်ထမ်းအမျိုးသမီး၏ အလုပ်ချိန်အတွင်း တမှေးအိပ်စက်ခြင်းက လေးနှစ်တာအတွင်း ပြည်နယ်အတွက် ဆုံးရှုံးရသည့် ထုတ်ကုန်စွမ်းအားစုမှာ အမေရိကန်ဒေါ်လာ လေးသောင်း ရှိကြောင်း ခန့်မှန်းဖော်ပြထားသည်။

ထို အလုပ်သမား၏ တစ်ရေးအိပ်စက်ခြင်းကို လုပ်ဖော်ကိုင်ဖက်က ကာကွယ်ပေးရသကဲ့သို့ အိပ်စက်တတ်သူအနေဖြင့်လည်း ပျင်းရိလာစေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုသို့ အိပ်စက်သည် ဝန်ထမ်းကို ကျန်းမာရေး မကောင်း၍ဆိုပြီး ကြီးကြပ်သူက စိုးရိမ်ပူပန်ခြင်းကြောင့် အပြစ်ပေးခြင်းလည်း မရှိခဲ့ပေ။

အလုပ်ချိန်အတွင်း တမှေးအိပ်စက်ခြင်းနှင့် ပတ်သက်ပြီး ထုတ်လုပ်နိုင်စွမ်းအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း လက်ရှိတွင် ထိုသို့ တမှေးအိပ်စက်ခြင်းက ထုတ်ကုန်အင်အားကို ပို၍ မြင့်တက်စေသည်ဟု ဆိုလာသည်။

အမေရိကန်တွင် အိပ်ချိန် အမျှင်ပြတ်မှု တွေ့ကြုံခံစားရသူပေါင်း သန်း ၇၀ နီးပါး ရှိသည်ဟု American Academy of Sleep Medicine ၏ ဥက္ကဌဟောင်းဖြစ်သူ ဒေါ်တာ လောရန့်စ်အက်စတိန်းက ပြောသည်။

“ဒီလို အိပ်ချိန်အမျှင်ပြတ်လို့ ဖြစ်ပေါ်နိုင်တဲ့ အရေးကိစ္စတွေကို ကုမ္ပဏီတစ်ချို့ကတော့ သတိထားမိပြီး စတင်ကိုင်တွယ်နိုင်ဖို့ လုပ်ဆောင်နေပေမယ့် စိတ်မကောင်းစရာက အစိုးရဟာ ဒါကို ဂရုမစိုက်ဘူး။”ဟု ၎င်းက ပြောသည်။

အိပ်ချိန် အမျှင်ပြတ်ခြင်း၊ အိပ်ရေးမဝခြင်းနှင့် တမှေးငိုက်မြည်းခွင့် မရခြင်းများက လူ၏ ကျန်းမာရေးကို ဒုက္ခပေးနိုင်သကဲ့သို့ စီးပွားရေးတွင်ပါ အင်အားချည့်နဲ့စေသည်ဟု ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly