အမေရိကန်နိုင်ငံတွင် မဟာဘွဲ့တန်း တက်ရောက်ရန် လူငယ်(၂၀)ရွေးချယ်မည်

အမေရိကန်နိုင်ငံတွင် မဟာဘွဲ့တန်း တက်ရောက်ရန် လူငယ်(၂၀)ရွေးချယ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။          ။ အမေရိကန်နိုင်ငံတွင် Lincoln Scholarship Programဖြင့် မဟာဘွဲ့ရယူနိုင်ရန် မြန်မာနိုင်ငံတဝှမ်းရှိ လူငယ် အယောက်(၂၀)ကို လင်ကွန်းပညာသင်ဆုပေးအပ်သွားမည်ဟု အမေရိကန်သံအမတ် မစ္စတာ Scoot Marciel က Novotel Hotelတွင် ပြုလုပ်သည့် Lincoln Scholarship Program မိတ်ဆက်ပွဲတွင် ပြောသည်။

အမေရိကန်သံအမတ် Mr Scot. Marciel က “ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံအစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်း များနဲ့ လူထူအခြေပြုအဖွဲ့တွေမှာ (၂၁)ရာစုရဲ့ ပိုမိုရှုပ်ထွေးလာနိုင်တဲ့ အခြေအနေမှာ ဦးဆောင် ဖြေရှင်းမယ့် လူငယ်ခေါင်းဆောင်တွေ စွမ်းရည်ပြည့်ဝစေဖို့ ရည်ရွယ်တယ်” ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၏ ၁၆ယောက်မြောက် သမ္မတ အေဗရာဟမ်လင်ကွန်းကို ဂုဏ်ပြု အမည်ပေးထား သော အဆိုပါပညာသင်ဆုကို လာမည့် ဒီဇင်ဘာလ(၂)ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံအနှံ့ရှိ အသက် (၃၅) နှစ်နှင့် (၃၅)နှစ်အောက် သက်ဆိုင်ရာလုပ်ငန်းခွင်တွင် အတွေ့အကြုံ(၅)နှစ်ရှိသူများ အနေဖြင့် Thabyay Eduacation Foundation Website မှာ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာခေါ်ယူပြီးပါက လိုအပ်သော အင်္ဂလိပ်စာစွမ်းရည်ကို (၂)လအတွင်း သင်တန်းပေးမည်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် ဘာသာစကားအခက်အခဲကြောင့် လျောက်လွှာမတင်ခြင်းမျိုး မရှိစေချင်ကြောင်း လူတွေ့ စစ်ဆေးရွေးချယ်မှုတွင် ပါဝင်မည့်  Thabyay Eduacation Foundation၏ ဒါရိုက်တာ ဒေါက်တာ ဇင်မာဦးက ဆိုသည်။

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) သည် (၂၀၂၄)ခုနှစ်အထိ Institute of  International Education (IIE)၊ Thabyay Eduacation Foundation တို့နှင့် ပူးပေါင်း၍ တစ်နှစ်လျှင် လူငယ် အယောက် (၂၀) ကိုရွေးချယ်ကာ လင်ကွန်းပညာသင်ဆု ပေးအပ်သွားမည်ဟု ထုတ်ပြန် ထားသည်။

(၂၀၂၀) ပညာသင်နှစ်အတွက် အရွေးချယ်ခံရသော ကျောင်းသားများသည် အမေရိကန်နိုင်ငံ၏ အထင်ကရ တက္ကသိုလ်များတွင် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေးသိပ္ပံ၊ အစားအသောက်နှင့် အာဟာရသိပ္ပံ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုအစရှိသော ဘာသာရပ်များကို ရွေးချယ် သင်ယူနိုင်မည်ဟု သိရသည်။

ပညာသင်ဆုပေးအပ်ရာတွင် ကျောင်းစရိတ်၊ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်၊ သုတေသနစရိတ်များအပါ ပညာသင်ဆုအပြည့်အဝ ပေးအပ်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly