ပေကျင်း၊ အောက်တိုဘာ ၂၁ ။ ။ တရုတ်အကြီးတန်း စစ်ဘက်ထောက်ပို့ အရာရှိတစ်ဦး ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟု နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၂၁ကထုတ်ပြန်ခဲ့သည်။၎င်းမှာ ဆက်လက်လုပ်ဆောင် လျက်ရှိသော ခြစားမှု တိုက်ဖျက်ရေးစစ်ဆင်ရေးတွင် စုံစမ်းစစ်ဆေးခံရသော နောက်ဆုံးစစ်အရာရှိဖြစ်သည်။
ထိပ်တန်းရည်မှန်းချက်ပန်းတိုင်အဖြစ် တာဝန်ထမ်းဆောင်ဆဲ၊ အငြိမ်းစား စစ်တပ်အရာရှိများ အပါအဝင် တပ်တွင်းခြစားမှုအား တရုတ်သမ္မတရှီကျင်ပင်းက ရှင်းလင်းဖော်ထုတ် အရေးယူနေပြီး ခြစားမှုပြန့်နှံ့လွန်းပါက စစ်တပ်၏ စစ်ဆင်ရေးစွမ်းရည်မှာ အားနည်းသွားမည်ဟု ၎င်းကသတိပေးထားသည်။
စစ်တပ်၏ အာဏာကြီးသော အထွေအထွေထောက်ပို့ဋ္ဌာနတွင် လောင်စာဆီနှင့် ထောက်ပံ့ပစ္စည်းများတာဝန်ယူရသော ဒု-အကြီးအကဲ ဗိုလ်ချုပ် ကျိုးကို့တိုင်သည် ကြီးမားသော စည်းကမ်းဖောက်ဖျက်မှုသံသယအတွက် စုံစမ်းစစ်ဆေးခံနေရသည်ဟု တရုတ်စစ်တပ်၏ အွန်လိုင်းတွင်ဖော်ပြထားသည်။
ကျိုး၏ အမှုအား စစ်ဘက်ရှေ့နေများထံသို့ လွှဲအပ်လိုက်ကြောင်းသာ ရေးသားထားပြီး နောက်ထပ်အသေးစိတ်အချက်အလက်များ မဖော်ပြခဲ့ပေ။ စည်းကမ်းချိုးဖောက်မှု များမှာ ယေဘုယျအားဖြင့် ခြစားမှုကို ရည်ညွှန်းသည်။
သြဂုတ်လကလည်း စစ်ဘက်တရားရုံးတစ်ခုသည် လာဘ်စားမှု၊ အာဏာအလွဲသုံးမှုနှင့် ပြည်သူ့ဘဏ္ဍာငွေတလွဲသုံးမှုအပါအဝင် ပြစ်မှုများအတွက် နှစ်နှစ်အတွင်းလျှောပေါ့ခွင့်ဖြင့် ထောက်ပို့ဋ္ဌာန၏ ဒု-ညွှန်ကြားရေးမှူးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ကူကျွန်းရှန်ကို သေဒဏ်ချမှတ်ခဲ့သည်။
လျှော့ပေါ့ခွင့်မှာ နှစ်နှစ်အတွင်းကောင်းမွန်စွာနေပါက သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ခြင်းဖြစ်သည်။
တရုတ်သည် ၁၉၉၀ပြည့်လွန်နှစ်များမှ စကာ စစ်တပ်တွင်းခြစားမှုနှိမ်နင်းခြင်းအား အရှိန်မြင့်ခဲ့ပြီး စစ်တပ်အား စီးပွားရေးလုပ်ခြင်းကို ပိတ်ပင်ခဲ့သည်။