အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အီဖယ်မျှော်စင် တစ်မိနစ် မီးပိတ်ထား

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အီဖယ်မျှော်စင် တစ်မိနစ် မီးပိတ်ထား

ပဲရစ်၊ နိုဝင်ဘာ ၂၆။         ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့ရှိ အီဖယ် မျှော်စင်တွင် နိုဝင်ဘာ ၂၅ ရက်နေ့ ညက တစ်မိနစ်ခန့် မီးပိတ်ထားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ထောင်ပေါင်းများစွာသော အမျိုးသမီးများသည် နိုဝင်ဘာ ၂၅ ရက်နေ့က စုဝေး ချီတက်မှုများ ပြုလုပ်ခဲ့ရာ ဂွာတီမာလာ၊ ရုရှား၊ ဆူဒန်၊ စပိန်နှင့် တူရကီနိုင်ငံများမှာလည်း အမျိုးသမီးများအပေါ် အကြမ်းဖက် မှုကို ရှုတ်ချသည့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

၁၉၆၀ ခုနှစ်က ဒိုမီနီကန်နိုင်ငံ၌ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ညီအစ်မသုံးဦးသည် အာဏာရှင် ရာဖေးတရူဟီး ယို၏ အမိန့်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်ကို အကြောင်းပြု၍ အဆိုပါနေ့ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၀၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ နိုဝင်ဘာလ ၂၅ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။

ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အကြမ်းအားဖြင့် အမျိုးသမီးနှင့် မိန်းကလေး ငယ်ပေါင်း ၈၇၀၀၀ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးရာတွင် တရားမျှတမှု မရှိခြင်းကြောင့် ပြင်သစ်တွင် ရက်သတ္တပတ်ကြာ စုဝေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

မော်စကိုတွင် အမျိုးသမီးများကို အကာအကွယ်ပေးသည့် ဥပ‌ဒေများကို လက်ခံအတည်ပြုရန် အစိုးရက ပျက်ကွက်ခဲ့သောကြောင့် လမ်းမများထက်တွင် အမျိုးသမီးများ ချီတက် ဆန္ဒပြခဲ့ကြသည်။

ဆူဒန်နိုင်ငံတွင်လည်း ရာပေါင်းများစွာသော အမျိုးသမီးများသည် လွတ်လပ်မှု ငြိမ်းချမ်းမှု တရားမှုရှိရေး ဆို သည့် ဆောင်ပုဒ်များ ကြွေးကြော်ပြီး စုဝေးဆန္ဒပြခဲ့ကြသည်။

ယခုနှစ်တွင်ပင် ပြင်သစ်၌ အမျိုးသားအဖော်များ၏ သတ်ဖြတ်မှုကိုခံရသည့် အမျိုးသမီးပေါင်း ၁၁၇ ဦးရှိပြီး ယမန်နှစ်က ၁၂၁ ဦးရှိခဲ့ကာ အစိုးရသည် ၎င်းကိစ္စအား အပြစ်ပေး ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး အဆက်မပြတ် ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ ပြင်သစ်တွင် အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူဟောင်းများ၏ ရုပ်ပိုင်း ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားခဲ့ရသည့် အမျိုးသမီးပေါင်း ၂၁၃၀၀၀ ဦးရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly