ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတစ်ခုမှ ဖမ်းဆီးရမိထားသည်ဆိုသော တပ်မတော်သား ၁၃ ဦးနှင့် လက်နက်ခဲယမ်းမီးကျောက်များပါဝင်သော ဗီဒီယိုတစ်ခုကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ ၁၉ ရက် နေ့လည် ၁ နာရီခန့်တွင် ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်းဆက်စပ်လျက်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်တောင်ဘက်ရှိ တောင်တန်းပေါ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများဟု ဆိုသည်။
ခုနှစ်မိနစ်ခန့်နီးပါးရှိသော ဗီဒီယိုတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ချခဲ့သည်ဆိုသော တပ်မတော်သားများကို နာမည်၊ ရာထူး၊ နေရပ်စသည်တို့ကို မေးမြန်းမှတ်တမ်းတင်နေမှုများပါရှိသည်။
မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
AA ၏ ထုတ်ပြန်ချက်တွင် သုံ့ပန်းများမှာ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၃၁၃ မှ ဖြစ်ပြီး တပ်စုမှူး ဗိုလ်အဆင့်ရှိသူတစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် သုံးဦးနှင့် တပ်သား ရှစ်ဦးတို့ ပါဝင်သည်ဟု ဆိုသည်။
ထို့အပြင် အဆိုပါတိုက်ပွဲအတွင်း တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ရှစ်ဦးကျဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။