ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေးလှုပ်ရှားသူတစ်ဦးကို ကျောက်တံတားတရားရုံးမှ စီရင်ချက်ချ

ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေးလှုပ်ရှားသူတစ်ဦးကို ကျောက်တံတားတရားရုံးမှ စီရင်ချက်ချ

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ။         ။ ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုစိန်လှမောင်ကို ကျောက်တံတားတရားရုံးက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး ဒဏ်ငွေနှစ်သောင်းပေးဆောင်ရန် စီရင်ချက်ချလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒဏ်ငွေနှစ်သောင်းနဲ့ ပြီးသွားပါပြီ” ဟု ကိုစိန်လှမောင်က ပြောသည်။

 ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေးလှုပ်ရှားမှုကြောင့်ဦးဆောင် လှုပ်ရှားသူတစ်ဦးဖြစ်သော ကိုစိန်လှမောင်ကို ကျောက်တံတား ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

ဆေးခြောက်သည် သောက်ရန်နှင့် ရှူရန် အတွက်သာမဟုတ်ဘဲ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်နိုင်သောကြောင့် ဆေးခြောက်ကို တရားခွင့်ပြုပေးရန် တောင်းဆိုရခြင်းဖြစ်ပြီး လွှတ်တော်အတွင်းနှင့် လွှတ်တော်အပြင် နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုစိန်လှမောင်က ပြောသည်။

“ကျွန်တော် မြန်မာပြည်မှာ ဆေးခြောက်တရားဝင် ဖြစ်မြောက်အောင် ကျွန်တော်လုပ်မယ်။ နည်းလမ်းပေါင်းစုံနဲ့ လုပ်မယ်။ အောင်မြင်တဲ့အထိ ကျွန်တော်လုပ်မယ်။ ကျွန်တော့်မှာ ပညာရှင်တွေလည်း ရှိတယ်။ တစ်ခြား နယ်ပယ်အသီးသီးက ပညာရှင်တွေလည်း ရှိတယ်။ သူတို့တွေ အကုန်လုံးနဲ့ ကျွန်တော် တိုင်ပင်ထားတာ ရှိတယ်။ ကျွန်တော် ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတာ။ လောလောဆယ်တော့ ဒီကိစ္စအတွက် ကျွန်တော် တရားရုံးမှာ လာရှင်းတာ။ ကျွန်တော် ဘာဆက်လုပ်မယ်ဆိုတာ သတင်းထုတ်ပြန်မှာပါ” ၎င်းက ပြောသည်။

ဆေးခြောက်မှတစ်ဆင့် ထုတ်လုပ်သည့် ဆေးဝါးများမှာ ကင်ဆာ၊ AIDS၊ ပိုလီယို အစရှိသည့် ရောဂါအများစုကို သက်သာစေပြီး နိုင်ငံတကာတွင် တရားဝင်ခွင့်ပြုပေးလျှက်ရှိကြောင်း၊ ဆေးခြောက်မှ လူသုံးကုန်ပစ္စည်း၊ အစား အသောက်၊ အဝတ်အထည်များကို ထုတ်လုပ်နိုင်ကြောင်းနှင့် ဆေးခြောက်တစ်လိပ်သုံးစွဲမှုကြောင့်၊ လက်ဝယ် တွေ့ရှိမှုကြောင့် ထောင်ဆယ်နှစ်ကျခံရသည်ကို လက်မခံနိုင်သောကြောင့် ဆေးခြောက်ကို တရားဝင်ခွင့်ပြုရေး တောင်းဆိုခြင်းဖြစ်ကြောင်း ကိုစိန်လှမောင်က ပြောသည်။

ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးလှုပ်ရှားမှုအနေဖြင့် ဆိုရှယ်မီဒီယာတွင် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆေးခြောက်တရားဝင်ခွင့်ပြုရေးတောင်းဆိုသည့် လှုပ်ရှားမှုတစ်ခုကို လူငယ်တစ်စုက ပြီးခဲ့သည့် တန်ဆောင် မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့လယ်ရှိ ဆူးလေ၊ မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်ခဲ့ပြီး မီးပုံးပျံ အလုံး ၁၁၁ လုံးကို လည်း လွှတ်တင်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly