မူပိုင်ခွင့်ဥပဒေ အသက်ဝင်လာပါက ART ဆေးဝါးတွေ ဈေးအလွန်ကြီးသွားနိုင်

မူပိုင်ခွင့်ဥပဒေ အသက်ဝင်လာပါက ART ဆေးဝါးတွေ ဈေးအလွန်ကြီးသွားနိုင်
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်။   ။ နိုဝင်ဘာ၂၅ရက်။       ။ တီထွင်မူ မူပိုင်ခွင့်ဥပဒေကို အတည်ပြုလိုက်ပါက HIV/AIDS နှင့် နေထိုင်သူများအတွက် ART ဆေးများ ဈေးအလွန်ကြီးမြင့်မှု ဖြစ်သွားနိုင်သဖြင့် စိုးရိမ်ကြောင်း လူ့အခွင့်အရေးကဏ္ဍနှင့် အိတ်ချ်အိုင်ဗွီရောဂါ ကျဆင်းရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် အဖွဲ့တစ်ခုက ပြောဆိုလိုက်သည်။

"တီထွင်ထားတဲ့သူက နှစ်ပေါင်းနှစ်ဆယ် မူပိုင်ခွင့်ရှိတယ်။ မူပိုင်ခွင့်ရှိတယ်ဆိုတဲ့သဘောက အဲ့ဒါတွေ အကုန် လုံးကို ရောင်းဝယ်တာ ဖောက်ကားတာ ဈေးနှုန်းသတ်မှတ်တာကအစ သူသတ်မှတ်လို့ရတယ်ပေါ့။ အဲ့အတွက် ကြောင့်မို့လို့ မူပိုင်ခွင့်ဥပဒေအကျုံးဝင်လာပြီဆိုရင် ဆေးဝါးတွေပါပါလာတာပေါ့နော်။ကွန်ပျူတာတို့ ဖုန်းတို့အပြင် ဆေးဝါးတွေပါ ပါလာပြီ။ အဲ့ဆေးဝါးတွေအတွက်ကို စိတ်ပူတာပေါ့။"ဟု မဟာမိတ် ကျန်းမာရေး စောင့် ရှောက်မှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးနိုင်က ပြောသည်။

မူပိုင်ခွင့်ဥပဒေမူကြမ်းသည် ကမ္ဘာကုန်သွယ်မှုအဖွဲ့၏ တီထွင်မှုဆိုင်ရာ မူပိုင်ခွင့်သတ်မှတ်ထားချက်ကို လိုက်နာထားရသောကြောင့် အဆိုပါဥပဒေ အတည်ဖြစ်လာပါက ပြည်တွင်းရှိ HIV AIDS ဝေဒနာရှင်များ အတွက် ဈေး သက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဆေးဝါးများမှာ ဈေးနှုန်းမြင့်တက်သွားရန် ရှိနေသကဲ့သို့ အဝယ်ရခက်ခြင်းမျိုးလည်း ကြုံရလာနိုင်ကြောင်း သိရသည်။

ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီများအေနဖြင့် ၎င်းတို့၏ သုတေသနလုပ်ငန်းများကို ပြန်ကာမိစေရန် ဆောင်ရွက်လေ့ရှိသောကြောင့် မူပိုင်ခွင့်ဥပဒေဖြင့် ကာကွယ်ထားသော ဆေးဝါးများမှာ ဈေးကွက်အတွင်း ဈေးနှုန်းကြီးမြင့် လေ့ရှိကြောင်း သိရသည်။

"အဲ့လိုမျိုးဝယ်လို့မရဘူး။ သူတို့ဆီကမှဝယ်ရမယ်လို့ဆိုတာမျိုးတွေ ဖြစ်လာတဲ့အခါကျရင် သူတို့သတ်မှတ်တဲ့ ဈေးနဲ့ဝယ်ရမယ်။ ဈေးကြီးမယ်။ ဈေးကြီးတယ်ဆိုတဲ့အခါကျရင် လူအယောက် ၁၀၀၀ကို ကုပေးနိုင်တဲ့ ပိုက်ဆံ သည် လူအယောက်၁၀၀ပဲ ရရင်လည်းရမယ်ဆိုတာမျိုးတွေ ဒါဖြစ်လာနိုင်တာပေါ့" ဟု ဒေါက်တာ စိုးနိုင်က ဆက်ပြောသည်။

မြန်မာအပါအဝင် ဖွံဖြိုးဆဲနိုင်ငံများတွင် လူ့အသက်ကိုကယ်နိုင်ရန်အတွက် မူပိုင်ခွင့်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးများကို ကိုယ်တိုင်ထုတ်လုပ်၍သော်လည်းကောင်း၊ အနီးစပ်ဆုံးနိုင်ငံများမှ တင်သွင်းခြင်းဖြင့် သော်လည်း ကောင်း အသုံးပြုကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ART ဆေးဝါးအများစုသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများက တင်သွင်းခြင်းဖြစ်ပြီး အိန္ဒိယမှ တင်သွင်းသော ဆေးဝါးများသည် အာနိသင်တူဆေးဝါးများဖြစ်သောကြောင့် မူရင်း ဆေးဝါးများထက် ဈေးနှုန်းအားဖြင့် အများကြီးသက်သာကြောင်း သိရသည်။

လက်ရှိတွင် ဆေးဝါးများအတွက် မူပိုင်ခွင့်ဥပဒေကို အစိုးရမှ ၂၀၃၃ ခုနှစ်အထိ ကင်းလွတ်ခွင့်အဖြစ် ဖြေလျော့ပေးထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly