လာမည့် ရာသီအတွက် ရန်ကုန်အသင်း ဘရာဇီးနည်းပြ ခန့်အပ်ရန် စီစဉ်

လာမည့် ရာသီအတွက် ရန်ကုန်အသင်း ဘရာဇီးနည်းပြ ခန့်အပ်ရန် စီစဉ်
 ရန်ကုန်နည်းပြသစ်ဖြစ်လာနိုင်သည့် ဘရာဇီးနည်းပြ ဂျာရိုဆွာစကီး။

အောက်တိုဘာ ၂၁၊ ရန်ကုန်။             ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဘရာဇီးလူမျိုးနည်းပြ ဂျာရိုဆွာစကီး အား ခန့်အပ်ရန် စီစဉ်ထားသည် ဟု ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးပြည့်ဖြိုးတေဇက ပြောသည်။

အဆိုပါ ဘရာဇီးလူမျိုးနည်းပြ ဂျာရိုဆွာစကီးသည် ပြီးခဲ့သည့် အောက်တိုဘာလ မှ စတင်ကာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရန်ကုန်အသင်းနှင့် အတူ လိဂ်ပွဲစဉ်များကို   လေ့လာမှုများ   ပြုလုပ်လျက်ရှိသည်။

“ ကျွန်တော်တို့ အသင်းအနေနဲ့ လာမယ့် ရာသီမှာ ဘရာဇီးနည်းပြကို ခန့်ဖို့ စီစဉ်နေပါတယ်။ စာချုပ်တော့ မချုပ်ရသေးပါဘူး။ လက်ရှိလည်း သူက အသင်းကို လာရောက်ပြီး လိဂ်ပွဲတွေ အသင်းအကြောင်းတွေကို လေ့လာနေပါတယ်။ စာချုပ်ကတော့ တစ်ရာသီပဲ ချုပ်ဖို့ စီစဉ်ထားပါတယ်။ တစ်ရာသီစောင့်ကြည့်ပြီး အဆင်ပြေတယ်ဆိုရင်တော့ နှစ်ရှည် ချုပ်ဆိုသွားမှာပါ။ အသင်းက လာမယ့်နှစ်ကိုလည်း ပိုကောင်းအောင် ပြင်ဆင်သွားမှာပါ ” ဟု ဦးပြည့်ဖြိုးတေဇက ဘရာဇီးနည်းပြ ဂျာရိုဆွာစကီး အား ခန့်အပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် ဆာဘီးယားလူမျိုးနည်းပြ ဂျက်ဆစ်ကို ခန့်အပ်ခဲ့သော်လည်း စက်တင်ဘာလက အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကာ လက်ကျန် ပွဲစဉ်များ၌ လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်အသင်းသည် ် မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ် နှစ်ပွဲ အလို၌ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး လေးကြိမ်မြောက် လိဂ်ဖလား ရရှိခဲ့သည့် အသင်းအဖြစ် မှတ်တမ်းတင်ထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly