မတ္တရာရွှေကြောမှာ ရွှေခိုးတူးသူတွေ ရှိနေသေး

မတ္တရာရွှေကြောမှာ ရွှေခိုးတူးသူတွေ ရှိနေသေး
( ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး၊ နိုဝင်ဘာ ၂၅။         ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအုပ်စု၊ ကင်းကျေးရွာအနီးရှိ ရွှေကြောတစ်ခုအသစ် တွေ့ရှိမှုအပေါ် သက်ဆိုင်ရာက တူးဖော်မှုများကို တားမြစ်ခဲ့သော်လည်း တရား မဝင်တူးဖော်မှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

"တားမြစ်ထားတဲ့ ဆိုင်းဘုတ်တွေတွေ့တယ်။ကျွန်တော်တို့အပါအဝင် တချို့တူးနေတာပဲ။ အရေးယူတော့မှ ယူပဲ။"ဟု လက်ရှိရွှေတူးဖော်နေသူတစ်ဦးဖြစ်သော ကိုဇော်ဝင်းက ပြောသည်။

ဒေသခံများအနေဖြင့် အဆိုပါနေရာတွင် ၂၀၁၂ခုနှစ်ကတည်းက ရွှေတူးဖော်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယခု အခါ တရုတ်လူမျိုးတချို့ကပါ လာရောက်တူးဖော်မှုများရှိနေကြောင်း သိရသည်။ထိုသို့ တူးဖော်မှုများအပေါ် သက်ဆိုင်ရာမှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တားမြစ်ဆိုင်းဘုတ်များတပ်ဆင် ဆောင်ရွက်ခဲ့သော်လည်း တူးဖော်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေးကြောင်း သိရသည်။

"ထိရောက်တဲ့တားမြစ်မှုမျိုးဖြစ်ဖို့လို့တယ်။လာကြည့် ဆိုင်ဘုတ်ရိုက် ပြန်ရုံနဲ့တော့ ဘာမှထိရောက်မှာ မဟုတ် ဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့တူးဖော်မှုများကို တားဆီးပေးရန်အတွက် ဒေသခံနှစ်ရာကျော်မှ လက်မှတ်ထိုး၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ နိုဝင်ဘာလ ၂၂ ရက်နေ့က စာပေးပို့တိုင်ကြားထားပြီး ရွှေတူးဖော်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံကျေးရွာလမ်းများ ပျက်စီးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

 "လာစစ်ဆေးပေးစေချင်တာပါ။တိုင်ကြားတာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ကို ကြိုက်သလို အရေးယူနိုင် ပါတယ်။ အခုဟာက ရွာလမ်းတွေပျက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်လာပါတယ်။"ဟု စာပေးပို့တိုင်ကြားမှုအပေါ် ဦးဆောင်ခဲ့သော ဒေသခံ ဦးလှတင့်ကပြောသည်။

အဆိုပါ ရွှေထွက်သည့်နေရာများနှင့် ထိစပ်နေသောနေရာများကို လုပ်ငန်းရှင်တစ်ချို့မှ မြေလွတ်မြေလပ် မြေရိုင်းလျောက်ထား၍ စက်ယန္တရားများဖြင့် တောင်များကိုဖြိုဖျက်ကာ လုပ်ကိုင်နေကြောင်း ဒေသခံတစ်ချို့က ပြောဆိုမှုများရှိနေသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မဇ္စျိမအနေဖြင့် စုံစမ်းမှုများကို ဆောင်ရွက်စဉ် ညောင်အိုင်တောင်ခြေအနီး၌ ဘတ်ဟိုး တစ်စီးရပ်ထားသည်ကို တွေရှိခဲ့ရပြီး ကင်းကျေးရွာအနီး၌ တူးဖော်ပြီးသား ဗြုန်းအိတ်ရာချီကိုသာ တွေ့ရှိခဲ့ရသည်။ ထို့အပြင် တူးဖော် ထားသော တွင်းများ လိုဏ်များကိုတွေ့ရှိခဲ့ရသည်။

"အိတ်တွေက တူးပြီး မသယ်တော့ဘူး။ အဲဒီနေရာမှာပဲထားတယ်။ လာဝယ်တဲ့သူတွေရှိတယ်။ လာမှ သွားပြပြီး ရောင်းတယ်။အိမ်မှာထားရင် အန္တရာယ်ရှိနိုင်တယ်လေ။ ဝယ်တာကတော့ မန္တလေးက ရွှေချက်သမား အများစု လာဝယ်တယ်။" ဟု ဒေသခံ တစ်ဦးကဆိုသည်။

ရွှေတူးဖော်သူများအနေဖြင့် ဖမ်းဆီးအရေးယူခံရမည်ကို စိုးရိမ်သောကြောင့် တူးဖော်ပြီး ဗြုန်းအိတ်များကို သယ်ယူခြင်းမပြုလုပ်ကြဘဲ ဝယ်သူရှိမှသာ သွားရောက်ပြသ၍ အရောင်းအဝယ်ပြုလုပ်ကြောင်း ကင်းကျေးရွာ ဒေသခံအများစုသည် တရားမဝင်ရွှေတူးဖော်နေမှုအပေါ် မလိုလားကြောင်း ဒေသခံများထံမှ သိရသည်။

"သွားတားတဲ့သူတို့ ကျေးရွာအုပ်ချုပ်ရေးမှူးတောင် ပြဿနာရှာ စကားများကြတာတွေရှိတယ်လို့ ကျွန်တော် တို့သိရတယ်။ တားမြစ်ထားတဲ့ ဆိုင်ဘုတ်တွေ တပ်ထားတယ်။ရွာသားတွေကိုလည်း မတူးဖို့ လက်မှတ် ထိုးခိုင်း ထားတယ်။ "ဟု မတ္တရာမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကပြောသည်။

အဆိုပါနေရာတွင် သက်ဆိုင်ရာမှ တားမြစ်ဆိုင်ဘုတ်များ ထောင်ထားရုံဖြင့် ရွှေတူးဖော်မှုများ ရပ်တန့်မည် မဟုတ်ဘဲ တားမြစ်မှုများ အသက်ဝင်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်အရေးယူမှုများ  လို အပ်နေကြောင်း သိရသည်။

"ကျွန်တော်တို့စောင့်ကြည့်တယ်။သတင်းပေးတယ်။ဒါပေမယ့် မလာပါဘူး။"ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သော ဦးလှတင့်ကပြောသည်။

လတ်တလောအခြေအနေနဲ့ပတ်သက်၍ မဇ္ဈိမအနေဖြင့် မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ခဲ့ သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။

"ရီပို့ ကျွန်တော်ဖတ်ရပါတယ်။ဒါမျိုးကခွင့်ပြုချက်မရှိဘဲ မတူးရဘူးလေ။ဘာပဲထွက်ထွက်ပါ။သတ္တုတွင်း ဥပဒေရှိပါတယ်။လုပ်လို့မရဘူးလေ။အဲဒီတော့ ဖမ်းတာဆီးတာမရှိရအောင် အာဏာပိုင်က ဒါ ထိန်းသိမ်း ရမှာ ပေါ့ ဗျာ။"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

ဒေသခံအများအစုအနေဖြင့် တူးဖော်နေမှုများရပ်တန့်ပေးရန်နှင့် အဆိုပါကိစ္စအပေါ်ထိရောက်သည့် ပြစ်ဒဏ် များပေးရန် လိုလားလျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်အရေးယူမှုများ ပြုလုပ်ရန် လိုလားနေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly