ဒုသမ္မတအား ခန့်အပ်ထားသည့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်ရာထူးကို ဒူတာတေး ပြန်ရုပ်သိမ်း

ဒုသမ္မတအား ခန့်အပ်ထားသည့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်ရာထူးကို ဒူတာတေး ပြန်ရုပ်သိမ်း

နိုဝင်ဘာ ၂၅ ။         ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် ဒုသမ္မတ လီနီ ရိုဘရီဒို အား ခန့်အပ်တာဝန်ပေးထားခဲ့သော မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ပူးတွဲခေါင်းဆောင်ရာထူးကို နိုဝင်ဘာ ၂၄ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၎င်း၏ လက်ထောက်တစ်ဦးက ပြောသည်။

ဒုသမ္မတ ရိုဘရီဒိုသည် သမ္မတ ဒူတာတေး၏ မူးယစ်စစ်ပွဲကို ဝေဖန်ထားခဲ့သူဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်အနည်းကမှ မူးယစ်နှိမ်နင်းရေးကော်မတီ၏ ပူးတွဲဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုအခါ သူမသည် ယင်း ရာထူးကို ရယူပြီး များမကြာမီမှာပင် ပြန်လည်ရုပ်သိမ်းခံလိုက်ရခြင်းြဖစ်သည်။

ဒုသမ္မတ ရိုဘရီဒိုသည် နိုင်ငံတော်လျှို့ဝှက်ချက်များကို ပြင်ပသို့ ပေါက်ကြားစေနိုင်သလို ယုံကြည်ထိုက်သူ တစ်ဦးလည်း မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒူတာတေးက ပြောဆိုထားခဲ့သေးသည်။

သမ္မတ ဒူတာတေး လက်ထက် မူးယစ်စစ်ပွဲအတွင်း ရဲတပ်ဖွဲ့က သံသယရှိ မူးယစ်တရားခံ ထောင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ထားခဲ့သည် ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လျက် ရှိစဉ် အသက် ၅၄ နှစ်အရွယ် ဒုသမ္မတ ရိုဘရီဒိုက အထက်ပါ မူးယစ်တိုက်ဖျက်ရေး ခေါင်းဆောင် တာဝန်ယူစဉ်ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟု ကြုံးဝါးခဲ့သူလည်းဖြစ်သည်။

သို့သော် ယခုအခါ သူမသည် အဆိုပါ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင် ရာထူးနေရာတွင် သီတင်းပတ် သုံးပတ်သာသာပင် တာဝန်ယူထမ်းဆောင်လိုက်ရပြီး ယခုအခါ ယင်းရာထူးမှ ပြန်ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly