အီတလီ အမြန်လမ်းမကြီးပေါ်တွင် တံတား ကျိုးကျမှု ဖြစ်ပွား

By AFP / Reuters
25 November 2019
အီတလီ အမြန်လမ်းမကြီးပေါ်တွင် တံတား ကျိုးကျမှု ဖြစ်ပွား

နိုဝင်ဘာ ၂၅။          ။ အီတလီနိုင်ငံ မြောက်ပိုင်း အဓိက အဝေးပြေး အမြန်လမ်းမကြီးပေါ်က တံတားတစ်စင်း ကျိုးကျသည့် ဖြစ်စဉ်တစ်ရပ် နိုဝင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အီတလီ ကမ်းရိုးတန်းမြို့ ဆာဗိုနာ အနီး လီဂူရီယာ ဒေသ အနောက်မြောက်ပိုင်းတွင် အဆိုပါ အမြန်လမ်းမ တံတား ကျိုးကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမြန်လမ်းမကို စီမံခန့်ခွဲနေသည့် SIAS ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ရာသီဥတု ဆိုးဝါးမှုကြောင့် ကြီးမားသည့် မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ တံတားကျိုးကျသွားခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြသည်။

ယင်း တံတားကျိုးကျပြီးနောက် ကားတစ်စီးလည်း အောက်သို့ ကျသွားကြောင်း သတင်းများ  ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးဟု သိရသည်။

ယခု တံတားကျိုးကျမှု ဖြစ်ခဲ့သည့် လီဂူရီယာ ဒေသရှိ ဂျီနိုအာမြို့တွင် ယမန်နှစ်ကလည်း လူပေါင်း ၄၃ ဦး သေဆုံးခဲ့ရသည့် တံတားကျိုးကျမှုဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့သေးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly