ဟောင်ကောင်ဒေသန္တရကောင်စီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသောအင်အားစုများ အနိုင်ရနေ

ဟောင်ကောင်ဒေသန္တရကောင်စီ ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသောအင်အားစုများ အနိုင်ရနေ

ဟောင်ကောင်၊ နိုဝင်ဘာ ၂၅။    ။ ဟောင်ကောင်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့က ဒေသန္တရရွေးကောက်ပွဲများကျင်းပခဲ့ရာ ဒီမိုကရေစီလိုလားသော အင်အားစုများက နေရာအများစုအနိုင်ရလျက်ရှိသည်။ ကိန်းဂဏန်းများအရ နိုဝင်ဘာလ ၂၅ ရက် မနက်အစောပိုင်းအထိ ဒီမိုကရေလိုလားသောကိုယ်စားလှယ်များက  ၂၇၈ နေရာ ရနေပြီး တရုတ်အစိုးရလိုလား သောကိုယ်စားလှယ်များက ၄၂ နေရာ ရနေသည်။

ဒေသန္တရရွေးကောက်ပွဲတွင် ကောင်စီဝင်နေရာ ၄၅၂ နေရာအတွက်  ပြည်သူပေါင်း ၄ ဒဿမ ၁ သန်းက မဲပေးရန် စာရင်းသွင်းခဲ့ကြသည်။

ဟောင်ကောင်တွင် မငြိမ်မသက်မှုများကြောင့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်များရှိမှာ စိုးရိမ် နေသည့်ကြားကပင် ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ရလဒ်အရ ယခုရွေးကောက်ပွဲသည် လပေါင်းများစွာ ဖြစ် ပေါ် ခဲ့သည့် ဆန္ဒပြမှုများနှင့် ပဋိပက္ခများကို ထောက်ခံလိုက်သည့်သဘောပင်ဖြစ်သည်။ တရုတ်အစိုးရ လိုလားသည့် ကိုယ်စားလှယ်အများစု နေရာဆုံးရှုံးခဲ့သည်။

သို့သော် ဒေသန္တရကောင်စီဝင်များသည် အများအားဖြင့် ဒေသတွင်းကိစ္စရပ်များဖြစ်သည့်  အမှိုက်သိမ်းစနစ်၊ ကုန်းလမ်းပို့ဆောင်ရေး စသည်တို့ကိုသာ ဖြေရှင်းရပြီး နိုင်ငံရေးနှင့်ဆိုင်သည့် အာဏာသိပ်မရှိပေ။

ဟောင်ကောင်ပြည်သူများသည် ယခုဖြစ်ပေါ်နေသည့် ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများအပေါ် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်း၏ ကိုင်တွယ်ပုံအား မကျေနပ်ကြောင်း  သူတို့၏သဘောထားများကို ပထမဆုံးအကြိမ် မဲပေးပြီး ထုတ်ဖော်ပြသခွင့်ရလိုက်ခြင်းပင်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly