ရှေးခေတ်မြွေများတွင် နှစ်ပေါင်း သန်း ၇၀ တိုင် နောက်ခြေထောက်များ ရှိခဲ့ဟု ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုတစ်ရပ်အရ တွေ့ရှိ

ရှေးခေတ်မြွေများတွင် နှစ်ပေါင်း သန်း ၇၀ တိုင် နောက်ခြေထောက်များ ရှိခဲ့ဟု ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုတစ်ရပ်အရ တွေ့ရှိ

နိုဝင်ဘာ ၂၄။    ။ မြွေများ၏ ဆင့်ကဲ ပြောင်းလဲပုံနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များသည် နှစ်များစွာကြာကတည်းက စိတ်ဝင်တစား လေ့လာခဲ့ပြီး အဆိုပါ သတ္တဝါသည် တစ်ချိန်တုန်းက ခြေဆံလက်ဆံ များ ရှိခဲ့သည်ကိုလည်း ၎င်းတို့ သိရှိနေခဲ့ကြသည်။

ယင်းနောက် အဆင့်ဆင့် ပြောင်းလဲမှုအတွင်း မြွေများသည် အချိန်ကြာလာသည်နှင့်အမျှ နောက်ဘက် ခြေထောက်များ မရှိတော့ဘဲ ယင်းအတိုင်း လိုက်လျောညီထွေ နေထိုင်ခဲ့ကြသည်ဟုလည်း သိပ္ပံပညာရှင်များ သိရှိခဲ့ကြသည်ဟု ဆိုသည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၃ သန်းနှင့် ၁၇၄ သန်းအကြား Jurassi Peroid ကာလအတွင်း မြွေများ ပထမဆုံး စတင်ပေါ်ပေါက်ခဲ့ပြီးနောက် အဆိုပါ ဆင့်ကဲ ပြောင်းလဲခြင်း မည်သို့မည်ပုံ ဖြစ်ခဲ့သည် ဆိုသည်နှင့်ပတ်သက်၍မူ အကန့်အသတ်ဖြင့်သာ ရှိသည့် ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းများက ထင်ဟပ်ပြသနိုင်ခဲ့ခြင်း မရှိပေ။

နှစ်များစွာ ကြာလာသည်နှင့်အမျှ အဆိုပါ ခြေထောက်များသည် ယာယီ အဆင့်အနေအထားတစ်ခုမျှသာ ရှိခဲ့ပြီး ယင်းနောက် မြွေများသည် လက်ရှိ ပုံစံဖြစ်သည့် ခြေဆံလက်ဆံ မရှိသည့် ပုံစံကို လျင်မြန်စွာ လိုက်လျောညီထွေ ပြောင်းလဲနေထိုင်ခဲ့ကြောင်း သီအိုရီများကလည်း ညွန်ပြခဲ့သည်။

သို့သော် အသစ် တွေ့ရှိခဲ့ပြီး ကောင်းစွာ ထိန်းသိမ်းထားသည့် မြွေ ကျောက်ဖြစ်ရုပ်ကြွင်းများအရ ရှေးခေတ်မြွေများတွင် အဆိုပါ နောက်ခြေထောက်များ ရှိနေခဲ့သည်မှာ ရှည်လျားလှသည် ကာလတစ်ခုတိုင်အောင် ကြာမြင့်ခဲ့သည်ကို ညွန်ပြလျက် ရှိကြောင်း Science Advances ဂျာနယ်တွင် နိုဝင်ဘာ ၂၀ ရက်က ဖော်ပြခဲ့သည့် လေ့လာချက်သစ်တစ်ခုအရ သိရသည်။

“ ကျွန်တော်တို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ မျက်မှောက်ခေတ် မြွေတွေရဲ့ ဘိုးဘေဘီဘင်တွေဟာ အရွယ်အစားလည်း ကြီးပြီး ပါးစပ်တွေလည်း ကျယ်တယ်ဆိုတာကို ပြသနေပါတယ်၊ နောက်ပြီး ဒီလေ့လာချက်သစ်အရ ရှေးခေတ်မြွေတွေဟာ ရှည်ကြာတဲ့ ကာလတစ်ခုတိုင်အောင် ဒီနောက်ခြေထောက်တွေ ရှိနေခဲ့တာကိုပါ တွေ့ရှိခဲ့ရပါတယ်” ဟု ယခု လေ့လာချက်ကို ဦးဆောင်ပါဝင်ရေးသားခဲ့သည့် သုတေသီ ဖာနန်ဒို ဂါဘာရိုဂီယိုက ပြောသွားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly