UEFA ၏ နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်းအရ ပရီးမီးယားလိဂ်မှာ ၀င်ငွေကဏ္ဍအားလုံးကို လွှမ်းမိုးထား

UEFA ၏ နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်းအရ ပရီးမီးယားလိဂ်မှာ ၀င်ငွေကဏ္ဍအားလုံးကို လွှမ်းမိုးထား

လန်ဒန်၊ အောက်တိုဘာ ၂၁ ။          ။ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)၏ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းအရ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ဝင်ငွေကဏ္ဍအားလုံးတွင် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးအနေဖြင့် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သော်လည်း အသင်းတစ်သင်းချင်းစီအလိုက် ကဏ္ဍတွင်မူ ရီးယဲလ်အသင်းက အချမ်းသာဆုံးအသင်း၊ ကွင်းဝင်ကြေးအများဆုံး ရရှိသည့်အသင်း၊ ကစားသမားတန်ဖိုးအကြီးဆုံးအသင်း၊ လစာငွေပေးချေရမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းဝင်ငွေမှာ ပေါင် ၃ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး အချမ်းသာဆုံးထိပ်သီးအသင်း ၃၀ တွင် ပရီးမီးယားလိဂ်မှ ၁၂ သင်းအထိပါဝင်ခဲ့သည်။

၂၀၀၉ ခုနှစ်က တစ်နှစ်လျှင်ဝင်ငွေ ယူရိုသန်း ၁၀၀ ကျော်ရရှိသည့်အသင်း ၂၄ သင်းသာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄၅ သင်းအထိ ရှိလာပြီ ဖြစ်သည်။ အချမ်းသာဆုံးထိပ်သီးအသင်း ငါးသင်းမှာ ရီးယဲလ်၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ဖြစ်ပြီး ထပ်သီး ၁၀ သင်းတွင် ပရီးမီးယားလိဂ်က ငါးသင်း ပါဝင်ခဲ့သည်။

ပရီးမီးယားလိဂ်အသင်း ၂၀ ၏ ဝင်ငွေစုစုပေါင်းမှာ အခြားဥရောပလိဂ်ငယ်လေး ၄၈ လိဂ်၏ ဝင်ငွေစုစုပေါင်းထက် ပိုမိုများပြားလျက်ရှိသည်။

ထို့အပြင် ပရီးမီးယားလိဂ်အသင်းများသည် ရုပ်သံဝင်ငွေနှင့် ကွင်းဝင်ကြေးများ ရရှိမှုတွင်လည်း အခြားလိဂ်ကြီးများထက် ပိုမိုများပြားခဲ့သည်။ ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ်၏ ရုပ်သံဝင်ငွေမှာ ယူရို ၁ ဒသမ ၉၂ ဘီလီယံ ရှိခဲ့ပြီး စီးရီးအေမှာ ယူရို ၈၈၈ သန်း၊ လာလီဂါမှာ ယူရို ၇၄၁ သန်း၊ ဘွန်ဒက်စ်လီဂါမှာ ယူရို ၅၇၇ သန်း၊ ပြင်သစ်လိဂ်မှာ ယူရို ၅၀၉ သန်း ရရှိခဲ့ကြသည်။

ကွင်းဝင်ကြေးတွင်မူ ပရီးမီးယားလိဂ်က ယူရို ၆၈၅ သန်းဖြင့် အများဆုံးရခဲ့ပြီး ဘွန်ဒက်စ်လီဂါက ယူရို ၄၇၄ သန်း၊ လာလီဂါက ယူရိုသန်း ၃၉၀၊ စီးရီးအေက ယူရို ၁၉၆ သန်းနှင့် ပြင်သစ်လိဂ်က ယူရို ၁၅၈ သန်း ရရှိခဲ့ကြသည်။ တစ်သင်းချင်းစီအလိုက် ကွင်းဝင်ကြေးရရှိမှုတွင် ရီးယဲလ်အသင်းက ယူရို ၁၂၁ သန်း ဖြင့် အများဆုံးရခဲ့ပြီး အာဆင်နယ်အသင်းက ယူရို သန်း ၁၂၀ ဖြင့် ဒုတိယအများဆုံးရခဲ့သည်။

စပွန်ဆာနှင့် ကြော်ငြာကဏ္ဍများမှ ဝင်ငွေရရှိမှုတွင်လည်း ပရီးမီးယားလိဂ်က ယူရို ၁,၀၈၄ သန်းဖြင့် အများဆုံးရရှိခဲ့သည်။ ဒုတိယနေရာတွင် ဘွန်ဒက်စ်လီဂါက ယူရို ၉၄၃ သန်းဖြင့် ရှိနေခဲ့ပြီး ရုရှလိဂ်က ယူရို ၅၃၇ သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

ဝင်ငွေများတိုးတက်လာခဲ့ကြသလို လစာငွေ ပေးချေရမှုတွင်လည်း ဥရောပလိဂ်များအားလုံး တိုးမြင့်လာကြသည်။ ပရီးမီးယားလိဂ်သည် ဝင်ငွေရရှိမှု ကဏ္ဍအားလုံးတွင်ဦးဆောင်ခဲ့သလို လစာငွေပေးချေရမှုတွင်လည်း ယူရို ၂,၂၇၇ သန်းရှိခဲ့ပြီး ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။ ၎င်းတို့၏နောက်တွင် ဘွန်ဒက်စ်လီဂါ၊ အီတလီ၊ စပိန်နှင့် ပြင်သစ်တို့ အစဉ်လိုက်ရပ်တည်ခဲ့သည်။

ရီးယဲလ်အသင်းမှာ အသင်းလိုက်တန်ဖိုး ယူရို ၆၂၉ သန်းအထိ ရှိခဲ့ပြီး ဥရောပ၏ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သလို လစာငွေပေးချေရမှုတွင်လည်း ယူရို သန်း ၂၇၀ ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ဥရောပ၏ တန်ဖိုးအကြီးဆုံးအသင်းငါးသင်းမှာ ရီးယဲလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူနှင့် ပီအက်စ်ဂျီတို့ဖြစ်ပြီး ဝင်ငွေပေးချေရမှု အမြင့်ဆုံးအသင်းငါးသင်းမှာ ရီးယဲလ်၊ မန်ယူ၊ ဘာစီလိုနာ၊ မန်စီးတီးနှင့် ပီအက်စ်ဂျီတို့ ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အမြတ်ငွေအများဆုံးရရှိသည့် အသင်းငါးသင်းမှာမူ မန်ယူ၊ ပီအက်စ်ဂျီ၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly