ဆီးရီးယားကောင်းကင်ပေါ် လေကြောင်းအန္တရာယ်ကင်းရှင်းရေး စာချွန်လွှာ ရုရှားနှင့် ကန် လက်မှတ်ရေးထိုး

ဆီးရီးယားကောင်းကင်ပေါ် လေကြောင်းအန္တရာယ်ကင်းရှင်းရေး စာချွန်လွှာ ရုရှားနှင့် ကန် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ အောက်တိုဘာ ၂၁ ။        ။ ဆီးရီးယားတွင် သီးခြားစီ ဗုံးကြဲစစ်ဆင်ရေးပြုလုပ်နေသည့် အမေရိကန်နှင့် ရုရှတို့သည် စစ်ဆင်ရေးပြုလုပ်စဉ် ၎င်းတို့၏ လေယာဉ်မှူးများ သတိနှင့် ရှောင်ရှားနိုင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပင်တဂွန်က အောက်တိုဘာ ၂၀ တွင်ပြောကြားသည်။

စာချုပ်ကို ထိုနေ့အစောပိုင်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ချက်ခြင်းပင် အာဏာသက်ရောက်ကြောင်း ပင်တဂွန်ပြန်ကြားရေးအတွင်းဝန် ပီတာကွတ်က ပြောသည်။ "ရုရှနဲ့ ကျွန်တော်တို့လေယာဉ်မှူးတွေ ကြား ကောင်းကင်မှာ ဖြစ်နိုင်တဲ့ ထိခိုက်မှုမှန်သမျှရှောင်ရှားဖို့ ရည်ရွယ်တဲ့ သဘောတူချက်တွေဟာ စနစ်တကျရှိပါတယ်"ဟု ကွတ်ကဆိုသည်။ ယင်းသဘောတူညီချက်များကို လိုက်နာပါက ရုရှနှင့် အမေရိကန်ကြား ထိပ်တိုက်တွေ့နိုင်မည့် အန္တရာယ်မရှိဟုလည်း ၎င်းကပြောသည်။

နှစ်နိုင်ငံက စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း မော်စကိုကလည်း အစီရင်ခံသည်။ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ တပ်ဖွဲ့ဝင်များကိုကူညီရန် စက်တင်ဘာ ၃၀က ရုရှသည် ဆီးရီးယားတွင် လေကြောင်းစစ်ဆင်ရေးစတင်ပြီးနောက် ပဋိပက္ခမဖြစ်ရေးဆွေးနွေးပွဲများပြုလုပ်ရန် ကနဦးကတည်းက ရုရှကတောင်းဆိုခဲ့သည်ဟု ပင်တဂွန်ကပြောသည်။

ဗုံးကြဲသည့်စစ်ဆင်ရေးကို ရုရှက မစတင်မီ တစ်နာရီခန့်အလိုထိ မော်စကိုထံမှ ရှင်းလင်းသည့် အသိပေးမှုမရရှိခဲ့သည့်အတွက် အမေရိကန်ကာကွယ်ရေးအရာရှိများက ဒေါသထွက်ခဲ့ကြသေးသည်။

နားလည်မှုစာချွန်လွှာတွင် တစ်ဖက်နှင့် တစ်ဖက် မတော်တဆထိခိုက်မှုများ ရှောင်ရှားရေး သဘောတူညီချက်များပါဝင်သော်လည်း ရုရှ၏ ဆီးရီးယားမဟာဗျူဟာနှင့်ပတ်သက်၍ ကျယ်ပြန့်သည့် သဘောတူညီချက်မပါဝင်ဟု ကွတ်ကပြောသည်။

"နားလည်မှုစာချွန်လွှာမှာ ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေထူထောင်ဖို့၊ ထောက်လှမ်းရေးသတင်းမျှဝေဖို့ ဒါမှမဟုတ် ပစ်မှတ်သတင်းအချက်အလက်တွေမျှဝေဖို့တွေ မပါပါဘူး"ဟုကွတ်ကဆိုသည်။

"ဆီးရီးယားမှာ ရုရှရဲ့မဟာဗျူဟာကတော့ ဆန့်ကျင်ဘက်ရလဒ်ထွက်မှာပဲလို့ ကျွန်တော်တို့က ယုံကြည်နေဆဲပါ။ နောက်ပြီးတော့ အာဆတ်အစိုးရကို သူတို့ထောက်ပံ့တာဟာ ဆီးရီးယားပြည်တွင်းစစ်ကို ပိုဆိုးအောင်လုပ်တာဖြစ်ပါတယ်"ဟု၎င်းကဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly