ICJ အမှုကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းမည်

ICJ အမှုကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းမည်
Photo: Thet Ko/Mizima

နိုဝင်ဘာ ၂၁ ။       ။ ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ ဟု ဖော်ပြ) မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ ကုလသမဂ္ဂ တရားရုံးတစ်ခုတွင် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အစိုးရက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ယင်းအပြင် အဆိုပါ တရားစွဲဆိုမှုကိစ္စတွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ The Hague မြို့ကို သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက မြန်မာကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲဆိုခဲ့သည်။

အဆိုပါ တရားစွဲဆိုချက်တွင် ၂၀၁၇ ခုနှစ်က ရခိုင်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှု လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် ၁၉၄၈ ကုလသမဂ္ဂ Genocide Convention သဘောတူညီချက်ကို ချိုးဖောက်ထားသည်ဟု စွပ်စွဲထားသည်။

သို့သော် ယခုအခါ အဆိုပါ တရားစွဲဆိုချက်ကို ဖြေရှင်းဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခုခံကာကွယ်ရန်အတွက် The Hague ကို သွားမည့် အဖွဲ့တစ်ခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမည် ဖြစ်သည်။

ဒါ့အပြင် ယင်းကိစ္စအတွက် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင် ရှေ့နေကြီးများအားလည်း ငှားရမ်းထားပြီးဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required