အခြေခံပညာက ဆရာ၊ ဆရာမတွေ ကျူရှင်မပြအောင် ဘာလုပ်ပေးမှာလဲ

အခြေခံပညာက ဆရာ၊ ဆရာမတွေ ကျူရှင်မပြအောင် ဘာလုပ်ပေးမှာလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာနေတဲ့ ဒေါ်ရင်ရင်ကြည် ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္စိ္ဈမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာ ကတော့ သူဟာ အငြိမ်းစား ကျောင်းဆရာမတစ်ဦးဖြစ်ပြီး၊ သမီးဖြစ်သူဟာလည်း လက်ရှိ ဆရာမတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းစာတစ်စောင်ထဲမှာ အခြေခံပညာက ဆရာ၊ ဆရာမတွေ ကျူရှင် သင်တာနဲ့ ပတ်သက်ပြီး ကျော်စော သတင်းထွက်သူများကို အရေးယူမယ်ဆိုတာ ဖတ်လိုက်ရလို့ ရေးချင်တာနဲ့ ရေးလိုက်တဲ့စာပါလို့ ဆိုပါတယ်။

သူဖတ်လိုက်ရတဲ့ သတင်းမှာ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်မှာ သင်ကြားရေး တာဝန်ယူထားတဲ့ ဆရာ၊ ဆရာမတွေကို ကျူရှင်သင်ကြားခြင်းနဲ့ ပတ်သက်ပြီး ခွင့်ပြု ထားခြင်း မရှိဘဲ အခြားကျောင်းမှ ကျောင်းသားများကို အခကြေးငွေ တောင်းခံခြင်း မရှိဘဲ ကျူရှင်သင် ကြားမယ်ဆိုရင် သင်ကြားနိုင်တယ်လို့ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဖတ်လိုက်ရ ပါတယ်။ ဒီသတင်းကိုဖတ်လိုက်ရတဲ့အခါ သူ့စိတ်ထဲမှာ ဆရာ၊ ဆရာမတွေရဲ့ ကိုယ်စား ပညာရေးဝန်ထမ်း တစ်ဦးချင်းစီရဲ့ လက်ရှိ အခြေအနေနဲ့ ကြုံတွေ့ ခံစားနေရတာတွေကို ကိုယ်ချင်းစာ စိတ်နဲ့ ပြောချင် လာမိတာပါလို့ ပြောပါတယ်။

ဒီနေ့ ဆရာ၊ ဆရာမအဖြစ် ရပ်တည်နေကြတဲ့ သူတွေဟာ အများအားဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာကို အရင်းပြုပြီး ပညာရေးဝန်ထမ်းအဖြစ် ခံယူကြသူများသာ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုအနေနဲ့ ဝင်ရောက်ခဲ့သူ ရှိကောင်း ရှိနိုင်ပေမယ့် ဆရာဖြစ်သွားရင်တော့ ဆရာစိတ်အဖြစ် ပြောင်းလဲသွားတတ်ကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမတွေဆိုတာ ပြည်သူ ထဲက ပြည်သူတွေလိုပဲ စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်ကြရပါတယ်။ အိမ်ပိုင်ရှိရင် အကြောင်းမဟုတ် ပေမယ့် အိမ်ပိုင်မရှိတဲ့သူက ငှားနေရင်း အိမ်လခ ပေးရပါတယ်။ ကုန်ဈေးနှုန်းဆိုတာကလည်း ဆရာ၊ ဆရာမမို့ ဈေးလျော့ပြီး သတ်မှတ်ပေးလို့  ဝယ်ကြရတာ မဟုတ်ပါဘူ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ ဆရာ၊ ဆရာမတစ်ယောက်ရဲ့ လစာ ဘယ်လောက်ရလဲဆိုတာ သိကြမှာပါ။

အခြား ဌာနဆိုင်ရာ ဝန်ထမ်းများနည်းတူပဲ လစာရပါတယ်။ ဆရာမတစ်ယောက်ရဲ့ လစာဝင်ငွေလေးနဲ့ အိမ်ငှားခ သားသမီးတွေရဲ့ ပညာသင်စရိတ်၊ ကျန်းမာရေးနဲ့ စားဝတ်နေရေး၊ စတာတွေအတွက် ကြိုးစား ရုန်းကန်နေကြရတဲ့ ဆရာ၊ ဆရာမတွေဟာ အပိုဝင်ငွေရမယ့် ကျူရှင် မသင်ရဘူးဆိုရင် ပြောတဲ့သူတွေက ဘာလုပ်ပေးကြမှာလဲလို့ မေးချင်မိတယ်လို့ ဆိုပါတယ်။

ဆရာ၊ ဆရာမ ကျူရှင်သင်တယ်ဆိုတာ သူတို့ အနားယူရမယ့်အချိန်မှာ သူတို့ရဲ့ လုပ်အားနဲ့ အပိုဝင်ငွေ ရှာကြတာပါ။ အဆင့် ၁ ရအောင် လုပ်ပေးမယ်။ အတန်းတင်ပေးမယ်ဆိုပြီး မတရား လာဘ်စားတာ မဟုတ်ပါဘူး။ အခြားဌာနတွေလို အပိုရတဲ့ ဌာနလည်း မဟုတ်ဘူး။ မနက်အစောကြီး ကတည်းက အိမ်ကထွက်ပြီး ညမိုးစုပ်စုပ်ချုပ်မှ အိမ်ပြန်ရတဲ့ ဘဝကို ဘယ်သူက လုပ်ချင်မှာလဲ။ မဖြစ် လို့သာ ကိုယ့်နေရေးနဲ့ ဝမ်းရေးအတွက် အပင်ပန်းခံပြီး လုပ်နေကြရတာပါ။ ဆရာ၊ ဆရာမတွေ အိမ်က နေ ကျောင်းကိုလာရတဲ့ ခရီးစရိတ် မရပါဘူး။ ကြိုပို့ မရှိပါဘူး။ နေစရာအတွက် မရှိရင် ကိုယ့်အစီအစဉ် နဲ့ကိုယ် အိမ်ငှားနေကြရတဲ့ စရိတ်တွေနဲ့ တရိပ်ရိပ်တက်နေတဲ့ စားသောက်ကုန်ဈေးနှုန်းအပြင် ဆေးကု သမှု စရိတ်တွေနဲ့ အခြား အထွေထွေ ကုန်စရိတ်တွေအတွက် ဆရာ၊ ဆရာမတွေ ဘယ်လို ရုန်းကန် နေရသလဲဆိုတာကို စဉ်းစားပေး စေချင်ပါတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ကျောင်းဆရာ၊ ဆရာမ အိမ်ထောင်သည်တွေမက သူသိတဲ့ အလယ်တန်းပြ ကျောင်းဆရာမ အပျိုကြီးတစ်ယောက်ဟာ နေမကောင်းတဲ့ မိခင်ကြီးရဲ့ ကျန်းမာရေးစရိတ်အတွက် လစာနဲ့ မလောက်လို့ မိုးလင်းကမိုးချုပ် ကျောင်းစာသင်ပြီးတာနဲ့ ကျူရှင်တွေ လိုက်ပြနေရတာကို မြင်ရ တဲ့အပြင် အခြား ဆရာ၊ ဆရာမတွေမှာလည်း ဒီလို အခက်အခဲတွေ ရှိနေတာကို သိနေတဲ့အတွက် အခုလို စာရေး ပြောပြခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဆရာ၊ ဆရာမတွေကို ထိုက်သင့်တဲ့ လစာနဲ့ အခြား ခံစားခွင့်တွေ အပြည့်အဝ ပေးမှသာ ယနေ့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျူရှင်မပြဘဲ ကျောင်းတစ်ခုထဲကိုပဲ စာသင်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်ဆရာမ မှပျော်လို့၊ စီးပွားဖြစ်ချင်လို့ ကျူရှင်ပြ ကြတာ မဟုတ်ပါဘူး။ မိမိရဲ့ ဝင်ငွေနဲ့ ထွက်ငွေအတွက် ကြိုးစား ရုန်းကန်နေကြရတာကို တာဝန်ရှိသူ များ နားလည်ခံစားပေးစေချင်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags