Yoma နှင့် ဖိလစ်ပိုင် နိုင်ငံအခြေစိုက် Ayala တို့ပူးပေါင်း

Yoma နှင့် ဖိလစ်ပိုင် နိုင်ငံအခြေစိုက် Ayala တို့ပူးပေါင်း

နိုဝင်ဘာ ၁၆ ။          ။ ဖိလစ်ပိုင်နိုင်ငံအခြေစိုက် Ayala Corporation နှင့်  မြန်မာနိုင်ငံမှ Yoma Strategic Holdings Company ၊ FMI တို့ ပူးပေါင်းလိုက်ကြောင်း သိရသည်။

ထို့ပူးပေါင်းမှုတွင် Ayala Corporation မှ Yoma နှင့် FMI Co. ၂ ခုတွင် ၂၀% ၊ ငွေကြေးအားဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၃၇.၅ သန်းကို ရင်းနှီးမြှပ်နှံလိုက်ခြင်း ဖြစ်သည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး YOMA ၊ FMI ၏ Executive Chairman ဦးသိန်းဝေ (ခေါ်) Mr. Serge Pun နှင့် Ayala Corporation ၏ စီးအီးအိုဖြစ်သူ Mr. Jamie Augusto Zobel del Ayala တို့ ပူးတွဲ၍ နိုဝင်ဘာ ၁၆ ရက်က စင်္ကာပူနိုင်ငံတွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

Ayala Corporation ၏ စီးအီးအိုးဖြစ်သူ Mr. Ayala က “နှစ်ပေါင်း ၁၈၅ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ အတွေ့ အကြုံနဲ့ လုပ်နိုင်စွမ်းအားတွေကို အသုံးချပြီး ရိုးမအုပ်စုနဲ့ အာယာလာအုပ်စုတို့ ပူးပေါင်းနိုင်မှုကနေ မြန်မာ ပြည်သူတွေကို အကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ဖိလစ်ပိုင်နိုင်ငံမှ Ayala Corporation သည် ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်ပြီး နှစ်ပေါင်း ၁၈၀ သက်တမ်း ရှိပြီဖြစ်ကာ မျိုးဆက်ပေါင်း (၇)ဆက်၊ ဆွေစဉ်မျိုးဆက် မိသားစုပိုင် ဖြစ်သလိုYoma နှင့် FMI တို့ သည်လည်း ဦးသိန်းဝေ (ခေါ်) Mr. Serge Purn ၏ မိသားစုပိုင် ကုမ္ပဏီများဖြစ်သည်။  

Mr. Serge Pun က “ဒီကနေ့ဟာ ရိုးမအုပ်စု ကုမ္ပဏီများရဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ အာယာလာအုပ်စုဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ငန်း တစ်ခုဖြစ်လာတဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ ဒီလို မိတ်ဖက် ဖြစ် လာခြင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုယုံကြည်ကြောင်း ပြသလိုက်တာလည်း ဖြစ်သလို ကျွန်တော်တို့ ကျင့်သုံးနေတဲ့ မူဝါဒတွေကိုလည်း ယုံကြည်ကြောင်း ပြသလိုက်တာပါပဲ။ ကျွန်တော်တို့ အာယာ လာ ဆီကနေ အများကြီး သင်ယူရမှာဖြစ်သလို သူတို့ကလည်း ကျွန်တော်တို့ကို သင်ပေးနိုင်တာတွေ အများ အပြား ရှိပါတယ်”ဟု ပြောသည်။

ကုမ္ပဏီ နှစ်ခုလုပ်ငန်း လုပ်ဆောင်နေမှုများမှာလည်း  ခပ်ဆင်ဆင် တူညီကြသည်ဟု နှစ်ဖက် အကြီးအကဲ များမှ ပြောသည်။

အာယာလာကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံတွင် နည်းပညာ၊ ဘဏ်လုပ်ငန်း ၊ အိမ်ခြံမြေနှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် အောင်မြင်နေသည့် ကုမ္ပဏီဖြစ်သလို ရိုးမအုပ်စုသည်လည်း မြန်မာနိုင်ငံတွင် အိမ်ခြံမြေ လုပ်ငန်း ၊ ဆက်သွယ်ရေး လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းအပြင် အမေရိကန်နိုင်ငံအခြေစိုက် KFC ဆိုင်ခွဲများ ဖွင့်လှစ်သည့် လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။


Ayala ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Ayala သည် Yoma အုပ်စုအုပ်ချုပ်မှုအဖွဲ့ဝင်ဖြစ်လာခဲ့သည်။

ငွေကြေးပမာဏအားဖြင့် နိုင်ငံတကာ အတိုင်း အတာအရ မပြောပလောက်သော်လည်း ကုမ္ပဏီကြီး နှစ်ခု ပူးပေါင်းလိုက်နိုင်ခြင်းသည် မြန်မာ့ရင်းနှီးမြှပ်နှံမှု အားကောင်းလာခြင်း ဖြစ်သည်ဟုလည်း နိုင်ငံတကာ သတင်းစာများက သုံးသပ်ကာ ဖော်ပြလျက်ရှိကြသည်။

Yoma Strategic Holdings သည် စင်္ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး First Myanmar Investment Public Co. Ltd. သည် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly