၂၀၁၅ခုနှစ်တွင် ပြည်ပခရီးသည် ၃၀ဒသမ၃သန်းအထိ စံချိန်တင် လာရောက်မည်ဟု ထိုင်းမျှော်လင့်

၂၀၁၅ခုနှစ်တွင် ပြည်ပခရီးသည် ၃၀ဒသမ၃သန်းအထိ စံချိန်တင် လာရောက်မည်ဟု ထိုင်းမျှော်လင့်

ဘန်ကောက်၊ အောက်တိုဘာ ၂၀ ။              ။ ၂၀၁၄ခုနှစ်က နိုင်ငံရေးဆူပူမှုများမှ ပြန်လည်တည်ငြိမ်လာပြီး သြဂုတ်လက ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သေးသော်လည်း တရုတ်နိုင်ငံမှ   လေးပုံတစ်ပုံကျော်ပါဝင်သော ပြည်ပခရီးသွား ၃၀ဒသမ၃သန်းအထိ ထိုင်းသို့ စံချိန်တင်ရောက်လာမည်ဟု မျှော်လင့်ထားကြောင်း ခရီးသွားလုပ်ငန်းကောင်စီက အောက်တိုဘာ ၂၀တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့လှည့်ခရီးသည်လာရောက်မှု လျော့ကျစေခဲ့သည့် ၂၀၁၄ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခြင်း၊ သြဂုတ်လက ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းတို့ကြောင့် နိုင်ငံပုံရိပ်ထိခိုက်မှုအား ကျော်လွှားရန် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းထိရှိသော ထိုင်းခရီးသွားလုပ်ငန်းက ရုန်းကန်နေရဆဲဖြစ်သည်။

သို့သော်လည်း ခြုံ၍ကြည့်ပါက စီးပွားရေးဆောင်ရွက်မှုအပိုင်းတွင် အားနည်းချက်များရှိသည့်တိုင် ခရီးသွားလုပ်ငန်းမှာ ကောင်းမွန်နေပြီး ထိုင်း၏ ကမ်းခြေများ၊ ဘားများနှင့် ဗုဒ္ဓဘုရားကျောင်းများက ခရီးသည်များကို ဆွဲဆောင်နေဆဲဖြစ်သည်။

ခရီးသွားလုပ်ငန်းကောင်စီ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ယခုနှစ်လာရောက်သည့် စုစုပေါင်းခရီးသည်အရေအတွက်မှာ လွန်ခဲ့သည့်နှစ်ကထက် ၂၂ဒသမ၃ရာခိုင်နှုန်းပိုလာမည်ဖြစ်သည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၁၃ခုနှစ်ကဖြစ်ပြီး ထိုစဉ်က ခရီးသည် ၂၆ဒသမ၅သန်းအထိ လာရောက်ခဲ့သည်။

သို့သော်လည်း ၂၀၁၄ခုနှစ်ကမူ ၂၄ဒသမ၈သန်းသို့ ကျဆင်းခဲ့သည်။ ယင်းသို့ကျဆင်းရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ထိုနှစ်က ဘန်ကောက်တွင် ဆန္ဒပြပွဲများအပါအဝင်   နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ခရီးသည်အချို့က ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ဖြစ်သည်။

မြို့တော်ရှိ ခရီးသည်အများစုသွားသည့်နေရာတစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် ခရီးသွားလုပ်ငန်းအပေါ်များစွာထိခိုက်မှုမရှိဘဲ တရုတ်ခရီးသွားများကြောင့်ပင် ယခုနှစ်တွင် ခရီးသည်လာရောက်မှုမှာ စံချိန်တင်ရောက်ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကောင်စီဥက္ကဋ္ဌ အစ်တီရစ်ကင်လက်က ပြောကြားသည်။

ဘန်ကောက်ရှိ စီးပွားရေးလုပ်ငန်းဗဟိုအရပ်ရှိ ကျော်ကြားသည့် ဘာသာရေးအထွဋ်အမြတ်နေရာတစ်ခု တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် လူ ၂၀အနက် ၁၄ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး ၇ ဦးမှာ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်မှဖြစ်သည်။

ယခုနှစ်တွင် တရုတ်မှခရီးသည် ၈ဒသမ၁၂သန်းအထိ စံချိန်တင်ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း အစ်တီရစ်က ပြောသည်။ ၂၀၁၄ခုနှစ်က တရုတ်ခရီးသည် ၄ဒသမ၆၃သန်း လာရောက်ခဲ့သည်။

ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၂ဒသမ၂ထရီလီယံ(ပေါင် ၄၀ဒသမ၀၉ဘီလျံ)ရရှိရန် ထိုင်းကမျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly