လိင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနေသော အမျိုးသမီးများကို ကာကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်နေ

လိင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနေသော အမျိုးသမီးများကို ကာကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်နေ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ နိုဝင်ဘာ ၁၄။     ။ မြန်မာနိုင်ငံအတွင်း လိင်လုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနေရသော အမျိုးသမီးများကို အကြမ်းဖက်ခံရခြင်းမှ ကာကွယ် ပေးနိုင်သော ဥပဒေတစ်ရပ်ပေါ်ပေါက်လာရန်လိုအပ်နေကြောင်း တော်ဝင်ခရေ  ကွန်ယက်ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု က ပြောသည်။

လိင်လုပ်သားအမျိုးသမီးများ ကြုံတွေခံစားနေရသည့် အခက်အခဲများနှင့် အ‌ခြေအနေအမှန်ကိုသိရှိပြီး ခွဲခြား နှိမ့်ချမှုများ လျော့နည်းလာစေရေးအတွက် ဝိုင်းဝန်းကူညီပေးရန်၊ ပြည့်တန်ဆာနှိပ်ကွက်ရေး အက်ဥပဒေ ပြုပြင် ရေးဆွဲနိုင်ရေးအတွက် တော်ဝင်ခရေကွန်ယက်မှ လှုပ်ရှားဆောင်ရွက်နေမှုများကို သိရှိစေရန် နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်းက မန္တလေးမြို့ ဘူတာကြီးအပေါ်ထပ်ရှိ Hotel Marvel တွင် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“ခိုးကြောင်ခိုးဝှက်လုပ်တာဖြစ်တဲ့အတွက် သုံးချိုးနှစ်ချိုးလောက်ဖြတ်ခံရတယ်။ ခေါင်းတွေက တစ်ကြိမ် အတွက် ကွန်ဒုံးတစ်ခုပဲပေးတယ်။ အတွင်းထဲမှာသည် တစ်ကြိမ်ဖြစ်ချင်လည်းဖြစ်မယ်။ နှစ်ကြိမ်၊ သုံးကြိမ်ဖြစ် ချင် လည်း ဖြစ်မှာဖြစ်တယ်။ အဲချိန်မှာ ကွန်ဒုံးလွတ်ပြီးဆက်ဆံရပါတယ်။ ခေါင်းတွေအနေနဲ့ လွတ်လွတ် ကင်းကင်း ကွန်ဒုံး တွေကို သုံးပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေကင်းအောင် သူတို့ဘက်ကိုကာကွယ် ပေးတဲ့ ဥပဒေလေးတွေပေါ်လာစေချင်တယ်။ မီဒီယာတွေအနေနဲ့လည်း လိင်လုပ်ငန်းနဲ့လုပ်စားနေတဲ့ အမျိုးသမီး လေးတွေကို ဘယ်လိုလေးများ ကောင်းအောင်ရေးပေးမလဲ။ဘယ်လိုလေးများဖြစ်လာအောင် ဖန်တီး ပေးနိုင်မလဲ ဆိုတာကိုမျှော်လင့်ပါတယ်” ဟု သူကပြောသည်။

အဆိုပါကိစ္စအတွက် ဥပဒေတစ်ရပ်မပေါ်ပေါက်သေးသောကြောင့် အကြမ်းဖက်ခံရခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသော်လည်း အမှုဖွင့်လှစ်ရာတွင် လစ်လျူရှုခံရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်း၊ လူ့ အခွင့်အရေးများ ချိုးဖောက် ခံရခြင်း၊ ဥပေဒဆိုင်ရာအရ ရရှိထားသော အခွင့်အရေးများကို ဆုံးရှုံးခြင်းနှင့် အခြား သောအချက်အလက်များစွာကို ကြုံတွေ့ခံစားနေရကြောင်း သိရသည်။

“အကြမ်းဖက်ခံရတာက ကိုယ်ကိုယ်တိုင်ခံရတာ၊ အနော်ဆိုင်ကယ်သွားတဲ့အချိန်မှာ ကောင်လေးတွေ အုပ်စု လိုက်က တင်ပါးကိုရိုက်သွားတယ်။ သိလည်းမသိဘူး။ တော်တော်လေးအားပြင်းတဲ့အတွက် နာတယ်။ ကိုယ်ဒါလုပ် တယ်ဆိုပေမယ့် လမ်းမှာဆိုတော့ ရှက်တာပေါ့နော်။ အဲဒါနဲ့သူတို့နောက်ကိုလိုက်တော့ အနော် လိုမျိုး လုပ်တဲ့သူ တစ်ယောက်ကိုရိုက်မယ်လုပ်တော့ လှမ်းအော်လိုက်တာ လူတွေဝိုင်းကြည့်တော့ သူတို့ရှက်ပြီး ထွက်ပြေး သွား  တယ်။ ပြီးတော့ သူတို့အုပ်စုလိုက်က နောက်က ထပ်လိုက်လာပြီး ဝိုင်းရိုက်ကြတယ်။ စခန်းမှာ အမှုဖွင့်တယ်။ ဒီ ကောင်လေးတွေကို စခန်းကမှတ်မိတယ်။ သူတို့ပုံစံတွေကို ပြောတယ်။ အခုထိ ဖမ်းဆီး မပေး ဘူး။

တချို့ကြတော့ ဧည့်သည်အကြမ်းဖက်ခံရတာရှိတယ်။ ဧည့်သည်တွေက အခန်းထဲ ရောက်ပြီးမှ သူတို့ အလိုမကျတာတို့ဆိုရင် ရိုက်တယ်။ အပြင်ရောက်မှ ခဲနဲ့ထုသွားတာတို့လုပ်တယ်။ ဓားနဲ့လိုက်တာတို့တွေ ကြုံခဲ့ဖူးတယ်” ဟု လိင်လုပ်သားတစ်ဦးဖြစ်သည့် မနော်ကပြောသည်။

ယခုအခြေအနေများအတွက် ကျန်းမာရေးဝန်ဆောင်မှု၊ လုပ်ငန်းခွင်လုံခြုံမှုရှိမှုရှိစေရန် လုပ်ဆောင်ပေးခြင်း၊ လိင် လုပ်ငန်းအပြင် အခြားလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် တော်ဝင်ပန်းစီမံချက်အဖြစ် ပြုလုပ်ကာ ကူညီပေး မှု များကိုလုပ်ဆောင်လျက်ရှိကြောင်း တော်ဝင်ပန်းစီမံချက်၊ မန္တလာရောင်စဉ်အဖွဲ့၊ စီမံကိန်းမန်နေဂျာ ဒေါ်ထူးဧပ ရယ်ကျော်က ပြောသည်။

“အသိပညာတွေပေးတော့ သူတို့က အကြမ်းဖက်မှုဆိုတာ ဘာလဲ သိသွားတယ်၊ အဲဒီအခါမှာ အကြမ်းဖက်မှု ဆိုတာဘာလဲဆိုတာကို ဘယ်လိုတိုင်းတန်မလဲဆိုတာ သိမှာဖြစ်ပါတယ်။ အကြမ်းဖက်ခံရတဲ့ အခါမှာ သူတို့ ကိုယ်  တိုင်ချိတ်ဆက်လာတယ်။ သင်တန်းတွေကို တက်တယ်။ ရင်းနှီးသွားတဲ့အတွက် သင်တန်းတွေကို လာ တက်ကြတယ်။ အဲဒီနောက်ပိုင်းမှာဆိုရင် အဲဒီထဲမှာ ထူးချွန်တဲ့သူတွေကို အသေးစား ငွေချေးပေးတာတွေ လုပ်ပေးမယ်။ ပမာဏကတော့ ငါးသိန်းပေါ့။ တတ်ထားတဲ့ပညာနဲ့ သက်ဆိုင်တဲ့ အလုပ်ကို လုပ်တာပေါ့၊ တချို့ ဆိုရင် သူတို့က လုပ်ငန်းကိုလည်းလုပ်တယ်။ တစ်ဖက်က လိင်လုပ်ငန်း ကိုလည်းလုပ်ကိုင် နေနိုင်ပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းထဲက နုတ်ပြီးတော့ တခြားလုပ်ငန်းတွေကိုလုပ်နေကြပြီဖြစ်ပါတယ်” ဟု ၎င်း ကပြောသည်။

ယခုကဲ့သို့စီမံချက်များ၊ အကူအညီပေးများကိုလုပ်ဆောင်နြေခင်းနှင့်အတူ လိင်လုပ်သားများလက်ရှိကြုံတွေ့နေ ရသည့် အခက်အခဲများကို ရယူပြီး သက်ဆိုင်ရာသို့တင်ပြခြင်းများကိုပြုလုပ်နေကြောင်း၊ ပြည်တန်ဆာဆိုင်ရာဥ ပဒေကိုလည်း ပြဌာန်းပေးနိုင်ရန်အတွက် အဆိုပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ လိင်လုပ်သားများ အများဆုံး အလုပ်လုပ်ကိုင်သည့်နေရာမှာ တရုတ်နယ်စပ်၊ မူဆယ်တွင်အများ ဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မန္တလေးမြို့ဖြစ်ကြောင်း တော်ဝင်ခရေကွန်ယက်က သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly