တောင်-မြောက်ကိုရီးယား မိသားစုများ တွေ့ဆုံမှုအတွက် နယ်စပ်တွင် တောင်ကိုရီးယားပြည်သူများ စုရုံးစောင့်ဆိုင်းနေကြ

တောင်-မြောက်ကိုရီးယား မိသားစုများ တွေ့ဆုံမှုအတွက် နယ်စပ်တွင် တောင်ကိုရီးယားပြည်သူများ စုရုံးစောင့်ဆိုင်းနေကြ

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားမှ ကွဲကွာလျက်ရှိကြသည့် မိသားစုများ ရှားရှားပါးပါးတွေ့ဆုံမှုအတွက် တောင်ကိုရီးယားဖက်ခြမ်းနယ်စပ်တွင် လူပေါင်း ၄၀၀ နီးပါး ရောက်ရှိကာ စုရုံးစောင့်ဆိုင်းလျက်ရှိနေသည်။

ငါးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ယခုမိသားစုများတွေ့ဆုံမှုကို အောက်တိုဘာ ၂၀ တွင် မြောက်ကိုရီးယား မောင့်ကမ်အန်းတွင် တွေ့ဆုံကြရမည်ဖြစ်၍ တောင်ကိုရီးယားနယ်စပ် ဆောချိုမြို့တွင် ယခုကဲ့သို့ စုရုံးရောက်ရှိနေခြင်းဖြစ်သည်။

နှစ်နိုင်ငံ လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာနိုင်သည့် တင်းမာမှုများကို လျှော့ချရေးအတွက် သြဂုတ်လအတွင်းက နှစ်ဖက်သဘောတူညီမှုဖြင့် ယခုကဲ့သို့ ကွဲကွာမိသားစုများ ပြန်လည် ဆုံတွေ့ခွင့်ရခြင်းဖြစ်သည်။

တောင်ကိုရီးယားပြည်သူများက ထိုနေ့တွင် မြောက်ကိုရီးယားနိုင်ငံတွင်း ဝင်ရောက်ခွင့်ရကာ မြောက်ကိုရီးယားနိုင်ငံတွင်းက ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံကြမည်ဖြစ်သည်။ မိသားစုတွေ့ဆုံပေးမှုအတွက် မြောက်ကိုရီးယားနိုင်ငံက လူပေါင်း ၁၀၀ ကို ရွေးချယ်တွေ့ခွင့်ပေးသည်။

၁၉၅၀-၅၃ ခုနှစ်တွင် ကိုရီးယားစစ်ပွဲဖြစ်၍ ပြည်သူသန်းများစွာ ကွဲကွာခဲ့ရခြင်းဖြစ်သည်။

သုံးရက်တာ မြောက်ကိုရီးယားနိုင်ငံတွင် မိသားစုများတွေ့ခွင့်ရကာ ဆွေမျိုးမိသားစုများသည် ထိုသုံးရက်အတွင်း သီးခြားတွေ့ဆုံမှုများ၊ လူစုလူဝေးနှင့်တကွ တွေ့ဆုံမှုများ ခြောက်ကြိမ် တွေ့ခွင့်ဆုံခွင့် ရရှိမည်ဖြစ်သည်။

လတ်တလော မိသားစုများ ပြန်လည်တွေ့ဆုံခွင့်ရရေး စောင့်ဆိုင်းနေသည့် တောင်ကိုရီးယားပြည်သူပေါင်း ၆၅၀၀ ကျော်ထက်မနည်းရှိနေသည်။

နောက်ဆုံး မိသားစုများ ပြန်လည်တွေ့ဆုံခြင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုရရှိခဲ့ခြင်းဖြစ်သည်။

၁၉၈၈ မှစတင်ကာ မြောက်ကိုရီးယားဖက်ခြမ်းက မိသားစုများနှင့် ပြန်တွေ့ခွင့်အတွက် လျှောက်ထားထားသူ တောင်ကိုရီးယားပြည်သူပေါင်းမှာ ၁၃၀၀၀၀ ကျော်ခန့်ရှိခဲ့ခြင်းဖြစ်သော်လည်း ထိုစောင့်ဆိုင်းနေသူများမှ အသက်ရှင်လျက်ရှိသည့် ဦးရေက ၆၅၀၀၀ ကျော်ခန့်သာ ကျန်ရှိတော့ခြင်းဖြစ်ပြီး အများစုမှလည်း အသက် ၇၀ နှင့် အထက် အရွယ်များက အများစုဖြစ်နေ သည်ဟု တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref ; Press tv/AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly