တာဝန်မဲ့ခွင် (မောင်မှန်)

တာဝန်မဲ့ခွင် (မောင်မှန်)
ဘန်ကောက်တွင် လာရောက်တန်းစီကာ မဲပေးကြသောသူများကိုတွေ့ရစဉ်။ (ဓာတ်ပုံ - BrainWave ဉာဏ်လှိုင်း)

ပြည်တွင်းမဲစားရင်း အမှားအယွင်းတွေ အသံတိတ်စအပြုမှာ ပြည်ပ ကြိုတင်မဲအသံတွေ ပလုံစီ လာပြန်ပါပြီ၊ တစ်မျိုးနဲ့တစ်မျိုး မရိုးရဘူးပေါ့။ ကြိုတင်မဲ စပေးကြရတဲ့ စင်ကာပူနဲ့ တောင်ကိုရီးယားမှာ ဇာတ်လမ်းတွေ စနေပြီ။ မဲစားရင်း လျှောက်ထားပါရက်နဲ့ ပါမလာတာ၊ သုံးနေရာ မဲပေးခွင့်ရှိရာမှာ နှစ်နေရာအတွက်ပဲ ပါလာတာ၊ တံဆိပ်တုံး ပြဿနာ စတာတွေအပြင် တောင်ကိုရီးယားမှာ ကော့မှူး တစ်နယ်လုံးစာ မဲစာရင်း ပါမလာဘူး။ စင်ကာပူမှာ မဲပေးဖို့ကို ညအိပ် တန်းစီကြရတယ်။ အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ပင်ပန်းဆင်းရဲ ရှာကြပါတယ်။ ဒီလောက် အပင်ပန်း အဆင်းရဲခံပြီး မဲပေးနေကြပုံ ကို ထောက်ချင်ရင် သူတို့ ဘယ်ပါတီကို မဲပေးမယ်ဆိုတာ မောင်မှန်သိသလို အများလည်း သိမှာပါ။ သက်သက်သာသာ ကြိုတင်မဲပေးနိုင်အောင် စီမံပေးနိုင်ရဲ့သားနဲ့ ဘယ်ကိုပေးူမယ်ဆိတာ သိနေတဲ့အ တွက် ခုလိုဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ပြည်ပမဲ ပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုကြရာမှာ နိုင်ငံခြားရေးဌာနကပဲ တာဝန်ရှိသလိုလို၊ ကော်မရှင်မှာပဲ တာဝန်ရှိသလိုလို မရှင်းမရှင်းနဲ့ သံရုံးက ဖြေရှင်းပါသတဲ့။ တိကျတဲ့ တာဝန်ခံမှု လုံးဝ မရှိပါဘူးခင်ဗျာ။

နောက်ထပ် တာဝန်ခံမှုမရှိတာတစ်ခုကို တင်ပြပါဦးမယ်။ ကချင်ပြည်နယ်၊ ချီဗွေးမြို့နယ်၊ ဂမ်ဖန်ကျေးရွာမျာ NLD က ဒေသဆုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းတွေပါဝင်တဲ့ မဲဆွယ်အ ဖွဲ့ဟာ အရိုက်အနှက် ခံခဲ့ကြရပါတယ်။ ဒါအပြင် ပါသွားတဲ့ လက်(ပ)တော့၊ စပီကာ၊ ပရိုဂျက်တာစက်၊ ပိတ်ကားနဲ့ ဗီနိုင်းတွေလည်း ဖျက်ဆီးခံကြရပါတယ်။ ကာလတန်ဖိုး ကျပ်သိန်းသုံးဆယ်ဖိုးလောက် ဆုံးရှုံးသွားတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးကျော်ကျော်ဦးက “ဟိုတယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဟိုတယ်ရဲ့ ကားပါကင်ထဲမှာ ပရို ဂျက်တာတွေ စမ်းနေတုန်း လက်နက်ကိုင် လူတစ်စု ရောက်လာပြီး မီးတွေမှိတ်ပြီး၊ ဦးစခုန်တိန်ယိန်ရဲ့ သား ဦးစခုန်ယိန်အောင် ဦးဆောင်တဲ့ အဖွဲ့ကလူတွေ စဒက ပါတီတံဆိပ်တွေ၊ ကြံ့ခိုင်ရေးပါတီ တံဆိပ် တွေ ခေါင်းမှာပတ်ထားပြီး ပရိုဂျက်တာ၊ လက်ပတော့ ဆောင်းဘောက်အားလုံးကို ရိုက်ခွဲ ဖျက်ဆီး တယ်။ ကိုယ်စာလှယ်လောင်းတွေကို ကန်ကျောက်တယ်။ တစ်ချို့ကို ထိုးကြိတ်တယ်၊ ချက်ခြင်း ထွက်ပါပြောပြီး ဗီနိုင်းတွေ အလံတွေဆုတ်တယ်။ မီးရှို့တယ်၊ မင်းတို့ နာရီဝတ်အတွင်း ထွက်ပါဆိုပြီးလက်နက်ကိုင်ထားတဲ့ လူတွေက လာပြောပါတယ်။ စက်တွေပြောနေကြတာလည်း ဦးစခုန်ယိန်းအောင် ကလည်း တိုက်ရိုက် ညွှန်ကြားနေတာလည်း ကြားနေရပါတယ်။ ရဲစခန်းကိုတိုင်တော့ ရွေးကောက်ပွဲကို ညွှန်ကြားတယ်။ ရွေးကောက်ပွဲကော်မရှင်ကို မေးတော့ ရဲအရေးပိုင်လို့ပြောတော့ ကျွန်တော်တို့ ဘယ်သူ့ တိုင်ရမလဲ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်က အလွန်အင်မတန် ရှင်းပါတယ်။ သူ့ထက်ရှင်းတာတောင် သူ့လောက်မရှင်းပါဘူး။ အစပိုင်းမှာတော့ NDA(K)က သူတို့နယ်မြေထဲ NLD ပါတီ စည်းရုံးရေး လာမလုပ်ဖို့ စာထုတ်ဟန့်တား တယ်။ ကော်မရှင်က ထိထိရောက်ရောက် ဖြေရှင်းမပေးဘူး။ ဒီတော့ ရှေ့ဆက် ချီတက်လာတယ်။ (ပယ်နယ်တီဧရိယာထဲ ဘောလုံးဆွဲအဝင်မှာ တစ်ဖက်နောက်တန်းက လက်ဖမ်းဆွဲတယ်။ ဒိုင်က မသိ ချင်ယောက်ဆောင်နေတာနဲ့ ခြေထောက်ပါထိုးခံပြီး လည်ပင်းတက်နင်းတော့တာပဲ။ ခုထိလည်း ဒိုင်ဘက်က ဘာသံမှ ထွက်မလာသေးဘူး)။

ရဲစခန်းတိုင်တော့ ရွေးကောက်ပွဲကော်မရှင်ကို ညွှန်ကတဲ့၊ ကော်မရှင်ကိုမေးတော့ ရဲအရေးပိုင်တယ်လို့ ပြောသတဲ့၊ ဘောလီဘောပုတ်ရတာ ရိုးသွားပြီ၊ စာပွဲတင် တင်းနစ် ပြောင်းရိုက်ကြတယ်။ (ပင်ပေါင် ဆိုတော့ ဟိုဘက်ဒီဘက် ပို့ရတာ ပိုမြန်တာပေါ့) အရိုက်ခံရ သူက ကွဲပြဲဖူးရောင်နေပြီး ပါသမျှပစ္စည်းလည်း အကုန်ပျက်စီးသွားပြီ။ ဒါပေမယ့် ဘယ်တိုင်ရမှန်းမ သိဘဲ ဘယ်ကမှ အတိုင်မခံဘူး ဖြစ်နေတယ်။ ဒါပေမယ့် မောင်မှန်အမြင်အရ ဒါက အများကြီး တော် သေးတယ်လို့ ပြောရမယ်။ ဒီပဲယင်း အရေးအခင်းတုန်းကဆို အကုန်ရိုက်သတ်ပြီး မသေရင်တောင် ထဲထည့်လိုက်တာ၊ ဒီကနေ့အထိလည်း ဒီပဲယင်းဟာ တရားဥပဒေရှေ့မှောက် မရောက်သေးဘူး။ ဥပဒေအထက်မှာ ပြုံးပြုံးကြီး ရှိနေတုန်းပဲ။ ဒီပဲယင်းဟာ သာတောင့်သာယာဖြစ်ဆဲမို့ ဒီပဲယင်းစံချိန်ကို မချိုးနိုင်သေးသမျှတော့ အေးဆေးသာယာ ကျူးလွန်နေကြဦးမှာပါ။

နောက်ပြီး ရှိသေးတယ်။ ချီဗွေကိစ္စအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ မှတ်ချက်က တရားဝင် ခွင့်ပြုပေးတာက ရှိတယ်။ နေရာနဲ့ နေ့ရက်က လွဲနေတယ်။ အခင်းဖြစ်တဲ့နေ့က ဒီမောကျေးရွာကို စည်းရုံးရေးဆင်း ရမှာ၊ အခင်းဖြစ်တဲ့ရွာမှာက အောက်တိုဘာ ၁၅ ရက် ဖြစ်ရမှာ၊ နေရာနဲ့ နေ့ရက် လွဲနေတာပေါ့တဲ့၊ ရိုက်နှက် ဖျက်ဆီးခံရတာကို သိပ်ဇောင်းမပေးပါဘူး။ နေရာနဲ့ ရက်လွဲနေတာကိုပဲ အသားပေးရုံမက အရိုး ပါပေးပြီး ပြောသွားပါတယ်။ ပြစ်မှုတစ်ခု ကျူးလွန်ခံရတယ် ဆိုရာမှာ ကျူးလွန် ခံရသူဘက်က စနစ်တကျ ကြိုတင်ပြင်ဆင်မှု ရှိဖို့လိုတယ်။ ဘယ်ရက်ဘယ်နေရာမှာ ငါဘယ်အမှုကို စနစ်တကျ ကျူးလွန် ခံမယ်ပေါ့။

ဒီလိုမှ တိုင်လို့တောလို့ အဆင်ပြေမယ် ထင်ပါတယ်။ ကျူးလွန်သူများ ဘက်ကလည်း ကျူးလွန်တော့ ကျူးလွန်ပေါ့၊ ကိုယ်ထင်သလို ကျူးလွန်လို့ ရနေတာပဲ။ ဒါပေမယ့် ကျူးလွန်ခံရသူတွေကို ထောက်ထားညှာ တာ စာနာသောအားဖြင့် အချိန်နဲ့ နေရာလေး ဂရုစိုက် ကျူးလွန်ပေးပါခင်ဗျာ။ သူတို့ရဲ့ စည်းရုံးရေးအချိန်ဇယားနဲ့ ကွက်တိဖြစ်တဲ့ အချိန်နဲ့ နေရာမှာ ကျူးလွန် ပေးမယ်ဆိုရင်ဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ။ ခုကိစ္စလောက်ကို စာမဖွဲ့နဲ့ ဒီပဲယင်းတို့ လက်ပံတန်း တို့တောင်မှ ဘာမှမဖြစ်သေးတဲ့ဟာလို့တော့ မပြောနဲ့လေ။ ပြောင်းလုပ်နေတဲ့ ကိစ္စတွေကို ပြောင်းမှတ် တမ်းတင်တဲ့ ကိစ္စလောက်တော့ ဖြစ်တာပေါ့ လို့နော့ ဟုတ်ဖူးလား၊ တာဝန်ခံ၏ မခံ၏ အပိုင်းကတော့ အာဏာရှိသူတွေရဲ့ အပိုင်းပေါ့။

သေချာစဉ်းစားကြည့်မိတော့ ကျူးလွန်ခံရသူဘက်က ပြင်ပြင်ဆင်ဆင်လေး လုပ်ထားနိုင်တာ မောင်မှန်ဖတ်ဖူးတဲ့ အမေရိကန် ဟာသလေးတစ်ခုတည်းမှာပဲ တွေ့ဖူးပါတယ်။ နယူးယောက်ရဲ့ ဆင်ခြေဖုံး လမ်းတစ်လမ်းက သန်ခေါင်ယံရာဇဝတ်မှု တစ်မှုအကြောင်းကို အမေရိကန် ရေဒီယိုက ကြေညာပါတယ်။ “လမ်းမှ မနေ့ညသန်ခေါင်ယံက မှုခင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လမ်းသွားလမ်းလာ အမျိုးသား လူငယ်တစ်ဦးကို အမျိုးသမီး လူငယ်လေးဦးက အုပ်စုဖွဲ့ မတရား ပြုကျင့်မှုတစ်ခု ဖြစ်ခဲ့ပါ တယ်” တဲ့၊ နောက်တစ်နေ့ည သန်ခေါင်ယံမှာ အဲဒီလမ်းထဲမယ် အမျိုးသားတွေဆိုတာ ခြေချင်းလိမ် နေတာပဲတဲ့ ခင်ဗျာ။ ကျူးလွန်ခံဖို့ စနစ်တကျ ပြင်ဆင်ပြီး သွားကြတဲ့သူတွေ ဖြစ်မှာပေါ့။ ကျန်တဲ့ ကိစ္စတွေကတော့ ပြောသာ ပြောရ မလွယ်လှပါဘူးခင်ဗျာ။

ဟော, တစ်ခါ ရွေးကောက်ပွဲ ဆိုတာကြီးကလည်း ရွှေ့ချင်ရင် ရွှေ့လို့ရတယ်ဆိုတဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေကို ပါးပါးလေး ပုတ်ပြလိုက်သေးခင်ဗျ၊ ရွေးကောက်ပွဲရွှေ့ရင် ကောင်း မလားဆိုတာကို ဥက္ကဋ္ဌက အချက် ၂ ချက်နဲ့ စဉ်းစားပါသတဲ့။ ပထမအချက်က သဘာဝဘေး ဒဏ် ခံနေရတဲ့ ပြည်သူတွေ စိတ်ချမ်းသာစွာ မဲပေးနိုင်ပါမလား ဆိုတာနဲ့၊ ဒုတိယအချက်က အမတ်လောင်းတွေ (အဲဒီနယ်တွေမှာ) စည်းရုံးရေးလုပ်ဖို့ အဆင်ပြေပါမလား စဉ်းစားမိလို့တဲ့၊ အစောပိုင်း တုန်းက NLD၊ တောင်သူလယ်သမားပါတီနဲ့ ချင်းပါတီအချို့ကလည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ တင်ပြခဲ့ကြဖူး သတဲ့။

ဒါပေမယ့် မဲစားရင်းတွေမှားလို့တော့ မရွှေ့သင့်ဘူး၊ မဲစားရင်းတွေ မှန်အောင် လုပ်ဆိုပြီး ဥက္ကဋ္ဌဘက်က ငြင်းပါယ်ခဲ့ပါတယ်။ ပါတီတွေ အတော်အလုပ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ ပါတယ်။ ကန့်ကွက်သူ ကန့်ကွက်၊ ထောက်ခံသူထောက်ခံ၊ မောင့်သဘော ပြောသူပြောနဲ့ တသော သော ဖြစ်ခဲ့ကြပါတယ်။ အဆုံးသတ်ကြတော့လည်း ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ် လာနိုင်သောနောက် ဆက်တွဲ အကျိုးအပြစ်များကြောင့်  မူလရက်အတိုင်း ကျင်းပသွားမယ် ဆိုပြီး မူလ ပြန်သွားပါတယ်။ အသာလေး ဇယားရွှေ့ပြလိုက်တာပါ။ ဒါကို ကော်မရှင်က စကားမတည် ဘူး၊ ကိုယ့်စကားကိုယ် တာဝန်မခံဘူး ဘာညာဆိုပြီး လျှောက်ပြောလို့ မရပါဘူး။ ကော်မရှင်က သူ့လုပ် ပိုင်ခွင့် အတွင်းကပဲ ပြောဆိုသွားတာပါ။ ရည်ရွယ်ချက်က လုပ်ပိုင်ခွင့်ကို သိစေချင်ရုံလောက်ပဲလို့ မောင်မှန်ထင်ပါတယ်။ ခွင်ထဲမှာလဲ လုပ်ပိုင်ခွင့်က အပြည့်ပဲ။ ခွင်အပြင်မှာလည်း တာဝန်မဲ့ခွင်က မျက်မြင်ပဲ။ ကဲ ဒီအခြေအနေတွေအောက်မှာ ရွေးကောက်ပွဲဟာ ဘာတွေဖြစ်လာမှာပါလဲ ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly