ထိုင်ဝမ်တက္ကသိုလ် ပညာရှင် ဆယ်ဦး၏ အီးမေးလ်များကို တရုတ်တို့ (၃) နှစ်ကြာ သူလျှိုထောက်လှမ်းခဲ့ဟု သံသယဖြစ်ဖွယ် တွေ့ရှိ

By Taiwan News
08 November 2019
ထိုင်ဝမ်တက္ကသိုလ် ပညာရှင် ဆယ်ဦး၏ အီးမေးလ်များကို တရုတ်တို့ (၃) နှစ်ကြာ သူလျှိုထောက်လှမ်းခဲ့ဟု သံသယဖြစ်ဖွယ် တွေ့ရှိ

နိုဝင်ဘာ ၈ ။          ။ ထိုင်ဝမ်ရှိ ဆွန်ယက်ဆင် အမျိုးသားတက္ကသိုလ် (NSYSU) ရှိ တရုတ်-ထိုင်ဝမ်ရေးရာ လေ့လာသူ သုတေသီ ဆယ်ဦးကျော်၏ အီးမေးလ် အကောင့်များ ပြီးခဲ့သည့် သုံးနှစ်တာအတွင်း အဟက်ခံခဲ့ရပြီး သူလျှိုထောက်လှမ်းခံထားရကြောင်း ထုတ်ဖော် သိရှိခဲ့သည်။

ယင်းကိစ္စတွင် ကျူးလွန်သူ ဟက်ကာများသည် တရုတ်ပြည်မကြီးတွင် အခြေစိုက်သူများဖြစ်သည်ဟု ပြည်မကြီးရေးရာ ကောင်စီ (MAC) က သံသယရှိနေသည်။

၂၀၁၆ ခုနှစ် ဒုတိယနှစ်ဝက်နောက်ပိုင်း မည်သူမည်ဝါ မသိရသော ပုဂ္ဂိုလ်များသည် အကောင့်တုများ ဖန်တီးရန်နှင့် တက္ကသိုလ် စီမံဌာန အဆင့်မြင့်ပုဂ္ဂိုလ်များအဖြစ် ဟန်ဆောင်ရန်အတွက် Open Webmail စနစ်ရှိ ဟာကွက်တစ်ခုကို အသုံးချခဲ့ကြောင်း ယင်း သူလျှိုမှု ကျူးလွန်ခံရသည့် ပညာရှင်များအနက် တစ်ဦးက CNA ကို ပြောသည်။

ဟက်ကာများသည် ပါမောက္ခ ဆယ်ဦးကျော်၏ အီးမေးလ် boxes များထဲရှိ အကြောင်းအရာများကို သုံးနှစ်ကြာ တိတ်တခိုး သူလျှိုထောက်နိုင်ခဲ့ကြသည်ဟုလည်း ယုံကြည်ရသည်။

အဆိုပါ လုံခြုံရေး ကျိုးပေါက်မှုကို ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာကမှ စတင် သတိထား သိရှိခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်တွင် ဟက်ကာများ၏ သားကောင်ဖြစ်ခဲ့သူများသည် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်ကဏ္ဍများတွင် အထူးကျွမ်းကျင်သည့် ပညာရှင်များ ဖြစ်သည်ကို ယင်း ထိုင်ဝမ် တက္ကသိုလ်က ဖော်ထုတ်တွေ့ရှိခဲ့သည်။

ဟက်ကာများ၏ သူလျှိုလုပ်ခြင်း ခံရသူများထဲတွင် နိုင်ငံရေးသိပ္ပံ ဌာနမှ ပါမောက္ခများ၊ တရုတ်နှင့် အာရှ-ပစိဖိတ် ရေးရာ လေ့လာမှုဌာနမှ ပါမောက္ခများ၊ နိုင်ငံရေးဆိုင်ရာ စီးပွားရေးဌာနမှ ပါမောက္ခများလည်း ပါဝင်နေကြောင်း သိရှိရသည်။

ဟက်ကာ ဖောက်ထွင်းသူများ၏ IP addresses များသည် တရုတ်၊ အမေရိကန်နှင့် ဟောင်ကောင်တွင် တည်နေရာပြနေခဲ့သည်ကို တွေ့ရှိရသည်။

ယင်းအပြင် ဟက်ကာများသည် ၎င်းတို့၏ တည်နေရာအမှန်ကို ဖုံးကွယ်ဖျောက်ထားရန်အတွက် VPN ကွန်ရက်တစ်ခုကို အသုံးပြုခဲ့သည်ဟု အာဏာပိုင်များက သံသယရှိနေသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly