အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်

အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ်

နယူးဒေလီ၊ အောက်တိုဘာ ၁၉ ။            ။ ဒေသတွင်းတွင် တရုတ်၏သြဇာကြီးထွားလာမှုကို တန်ပြန်သည့်အနေဖြင့် ပိုမိုနီးကပ်လာသည့် စစ်ရေးဆက်ဆံမှုကို ကိုယ်စားပြုမှုအဖြစ် အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့သည် အောက်တိုဘာ ၁၉က ခြောက်ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပူးတွဲပြုလုပ်သည်။

ဘင်္ဂလားပင်လယ်အော်ရှိ အန်ဒမန်ကျွန်းစုကမ်းလွန်တွင် အမေရိကန်နှင့် အိန္ဒိယတို့နှစ်စဉ်ပြုလုပ်သော Malabar Exercise ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်၏ ပင်လယ်ရေကြောင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ် (MSDF) က ဒုတိယမြောက်နှစ်အဖြစ် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၄မှ ၁၉ အထိပြုလုပ်သော လေ့ကျင့်မှုများမှာ အိန္ဒိယ - ပစိဖိတ် ဒေသတွင်းများရှိ အရေးကြီးသော ရေတပ်များကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းဖြစ်သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ဒေသတွင်းအင်အားကြီးနိုင်ငံ တရုတ်သည် ရေနက်ပိုင်းတွင် ၎င်း၏ရေတပ်တည်ရှိမှုကို ချဲ့ထွင်လျက်ရှိသည့်အပြင် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ရှိ အငြင်းပွားဧရိယာများကို ပိုင်ဆိုင်ကြောင်း ပြောကြားနေသည်။

အိန္ဒိယသည်လည်း တရုတ်နှင့် ပိုင်နက်အငြင်းပွားနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်က နှစ်နိုင်ငံတပ်ဖွဲ့များ နယ်စပ်တွင် လိပ်ခဲတည်းလည်းအခြေအနေဖြစ်ခဲ့သေးသည်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့နှင့် နီးကပ်သောဆက်ဆံရေးရှိသော အိန္ဒိယဝန်ကြီးချုပ် မိုဒီက တရုတ်၏ နယ်ချဲ့ဝါဒီစိတ်ဓါတ်ကို ဝေဖန်ခဲ့သည်။ ဂျပန်သည် ၂၀၀၇နှင့် ၂၀၀၈ခုနှစ်တို့က လေ့ကျင့်မှုများတွင် ပါဝင်ခဲ့သော်လည်း မိုဒီရွေးကောက်ခံရပြီးနောက် လွန်ခဲ့သည့်နှစ်ကမှ လေ့ကျင့်မှုသို့ ပြန်ဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly