ဖိလစ်ပိုင်မှာ တတိယမြောက် ငလျင်လှုပ်ရာ ငါးဦး သေဆုံးပြီး အပျက်အစီး ကြီးမား

ဖိလစ်ပိုင်မှာ တတိယမြောက် ငလျင်လှုပ်ရာ ငါးဦး သေဆုံးပြီး အပျက်အစီး ကြီးမား

မနီလာ၊ နိုဝင်ဘာ ၁ ။         ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကြာသပတေးနေ့က အားပြင်းငလျင် လှုပ်ခဲ့ရာမှာ ငါးဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ငလျင် နှစ်ကြိမ် လှုပ်ထားခဲ့တာဖြစ်ပြီး အခု တတိယမြောက် ငလျင် ထပ်လှုပ်တာပဲ ဖြစ်ပါတယ်။

ပြိုကျပျက်စီးတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေနိုင်သူတွေကို ရှာဖွေရေး လုပ်ငန်းတွေ အသည်းအသန် ဆောင်ရွက်နေရပါတယ်။

မန်ဒါနာအိုကျွန်းမှာ အခု လှုပ်သွားတဲ့ ငလျင်ဟာ ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အဲဒီ မန်ဒါနာအိုကျွန်းမှာပဲ အားပြင်းငလျင် လှုပ်လို့ လူရှစ်ဦး သေဆုံးထားတာ ဖြစ်ပါတယ်။

အခု တတိယမြောက် ငလျင်လှုပ်ရာမှာ ငလျင်ဗဟိုပြုရာနဲ့ ၂၈ မိုင်အကွာအဝေးမှာ ရှိတဲ့ ဒါဗာအိုမြို့မှာ ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ ပျက်စီးမှု ဖြစ်သလို လူတွေလည်း ကြောက်အားလန့်အားနဲ့ လမ်းမတွေပေါ် ထွက်ပြေးကြပါတယ်။

အခု ငလျင် မလှုပ်မီကတည်းက ငလျင် နှစ်ကြိမ် လှုပ်ထားတာကြောင့် ခိုလှုံရေးစခန်းတွေမှာ လူပေါင်း ၁၂၀၀၀ ကျော် ဒုက္ခသည်အဖြစ် နေထိုင်နေရတာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly