ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစင်တာကိစ္စ စာချုပ်ပါခွင့်ပြုလုပ်ငန်း မဟုတ်ပါက အရေးယူမည်

ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစင်တာကိစ္စ စာချုပ်ပါခွင့်ပြုလုပ်ငန်း မဟုတ်ပါက အရေးယူမည်

ရန်ကုန် ၊အောက်တိုဘာ၊ ၃၁ ။            ။ သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်သည့်  ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသော ကျန်းမာရေးစင်တာ လုပ်ငန်းကို စာချုပ်ပါခွင့်ပြုလုပ်ငန်းဟုတ်မဟုတ် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ပြီး ခွင့်ပြုလုပ်ငန်း မဟုတ်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောသည်။

အောက်တိုဘာလ ၃၀ တွင်ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ ပုံမှန်သတင်းစာ ရှင်း လင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ်ပြောဆိုခဲ့ခြင်းြဖစ်သည်။

“စာချုပ်ကို ဘယ်လိုချုပ်ခဲ့လဲ။ ချုပ်ခဲ့တဲ့အထဲမှာဒီလုပ်ငန်းကို ပေးခဲ့လား။ မူရင်းစာချုပ်မှာ လက်ရှိ ဖွင့်လှစ် လုပ်ကိုင်နေတဲ့ အလုပ်အမျိုးအစားမပါဘဲနဲ့ ဒီကုမ္ပဏီက လုပ်ကိုင်တယ်ဆိုရင် စာချုပ်ကိုဖောက်ဖျက်တာ ဖြစ်လို့တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။လုပ်ခွင့်ပြုထားတဲ့လုပ်ငန်းဆိုရင်တော့ ပြည်သူတွေ တောင်းဆိုချက် လွှတ်တော်ကိုယ်စားလှယ်တွေတောင်းဆိုမှုတွေကြောင့် တိုင်းလွှတ်တော်နဲ့အစိုးရအဖွဲ့က ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်" ဟု ဝန်ကြီးကပြောသည်။

ဝန်ကြီးများရုံးတွင် စင်ကာပူနိုင်ငံအခြေစိုက် De Beau Wellness Centre ကို အောက်တိုဘာလ ၂၆ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး Spa အနှိပ်ခန်းကိုပါ ထည့်သွင်းဖွင့်လှစ်ခဲ့မှုကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

အဆိုပါကုမ္ပဏီအနေဖြင့် ယခင်အစိုးရလက်ထက်ကတည်းက စာချုပ်ချုပ်ဆိုကာ လက်ရှိ အစိုးရ လက်ထက် တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့်  မူရင်းချုပ်ဆိုခဲ့သည့်စာချုပ်တွင် အဆိုပါ  လုပ်ငန်းအမျိုးအစားကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းရှိ မရှိအား ပြန်လည်စစ်ဆေးသွားမည် ဟုသိရသည်။

လက်ရှိတွင် အဆိုပါ ကျန်းမာရေးစင်တာသည် လိုင်စင်ရယူထားခြင်းမရှိသည့်အတွက် ပိတ်သိမ်းရန် သက်ဆိုင် ရာဗိုလ်တစ်ထောင်မြို့နယ် စည်ပငိသာယာရေးကော်မတီက အောက်တိုဘာလ ၂၉ ရက်နေ့ကတည်းက အကြောင်းပြီးဖြစ်သည်ဟု သိရသည်။

ထို့ပြင် ယင်းလုပ်ငန်းသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ စာရင်း၌လည်းပါဝင်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရှိမရှိ ကိုပါ စစ်ဆေးသွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly