လျှပ်စစ်မီးပြတ်တောက်မှုပြဿနာ ရှောင်လွဲနိုင်ဖို့ နိုင်ငံမှာ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို တွန်းအားပေး လုပ်ဆောင်

လျှပ်စစ်မီးပြတ်တောက်မှုပြဿနာ ရှောင်လွဲနိုင်ဖို့ နိုင်ငံမှာ ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို တွန်းအားပေး လုပ်ဆောင်

အောက်တိုဘာ ၂၉။             ။ နိုင်ငံမှာ ပိုမိုဆိုးဝါးလာနေတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်မှု ပြဿနာကို ကိုင်တွယ်နိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ကြိုးပမ်းနေလျက် ရှိပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဓာတ်အားထုတ်လုပ်နိုင်မှုပိုင်းမှာ ၁,၀၇၂ မဂ္ဂါဝပ် ထပ်ပေါင်းထည့်နိုင်ဖို့ ရည်မှန်းနေလျက် ရှိပါတယ်။

ဒါဟာ နိုင်ငံမှာ ထိခိုက်မှုတွေ ဖြစ်စေလျက် ရှိတဲ့ မီးပြတ်တောက်မှု အပေါ်မှာတင်မက ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို ငွေကြေးမတည်ဖို့အတွက် ရည်ရွယ်တဲ့ မီတာခ တိုးမြင့်မှုအပေါ် အများပြည်သူတွေဘက်က စိတ်ပျက်လက်ပျက်ဖြစ်မှု ကြီးထွားလာနေတာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန် ခုလို လုပ်ဆောင်ချက်တွေကို တွန်းအားပေးလုပ်ဆောင်လာနေတာဖြစ်ပါတယ်။

ဟောင်ကောင် စတော့အိတ်စ်ချိန်း စာရင်းဝင် VPower Group ကုမ္ပဏီအနေနဲ့ အရေးပေါ် စွမ်းအင် ပရောဂျက် ငါးခုအနက် စုစုပေါင်း ဓာတ်အားပမာဏ ၉၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ထွက်ရှိမယ့် ပရောဂျက်လေးခုကို ဖော်ဆောင်ဖို့ တင်ဒါအောင်ပြီး လုပ်ပိုင်ခွင့် ရရှိသွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာပါတယ်။

VPower Group ကတော့ CITIC နဲ့ ရထားထုတ်လုပ်သူ CRRC တို့အပါအဝင် တရုတ်နိုင်ငံပိုင် လုပ်ငန်းတွေနဲ့ နီးကပ်တဲ့ ပတ်သက်မှုတွေ ရှိထားတယ်လို့ သိရပါတယ်။

VPower Group က ဖော်ဆောင်မယ့် စက်ရုံတွေအနက် သုံးရုံကိုတော့ ပြည်ပကနေ တင်သွင်းမယ့် LNG ဓာတ်ငွေ့နဲ့ လည်ပတ်မှာဖြစ်ပြီး ကျန်တစ်ရုံအတွက်ကတော့ အစိုးရက ထောက်ပံ့မယ့် ဓာတ်ငွေ့အပေါ် အားကိုးသွားမှာဖြစ်ပါတယ်။ စုစုပေါင်း ထုတ်လုပ်မှု ပမာဏ မဂ္ဂါဝပ် ၉၀၀ ရှိ LNG ပရောဂျက်သုံးခုစလုံးအတွက်ကတော့ VPower အနေနဲ့ နိုင်ငံပိုင်တရုတ်အမျိုးသား နည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်းနဲ့အတူ ပူးပေါင်းလုပ်ကိုင်နေပါတယ်။

ပဉ္မမမြောက် စက်ရုံ တည်ဆောက်ဖို့ ကန်ထရိုက်စာချုပ်ကိုတော့ အခြားသော တရုတ်နိုင်ငံပိုင် ကုမ္ပဏီ China Energy Engineering Corp ဦးဆောင်တဲ့ တရုတ်လုပ်ငန်းစုတစ်ခုကို ပေးအပ်ခဲ့ပါတယ်။ ယင်း တင်ဒါကတော့ ရန်ကုန်မှာ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

Letters of acceptance (LOA) စာတွေကို စက်တင်ဘာ အစောပိုင်းက ထုတ်ပေးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

အဆိုပါ ပရောဂျက် ငါးခုကတော့ လာမယ့် ၂၀၂၀ နွေရာသီမှာ စုစုပေါင်း ဓာတ်အားပမာဏ ၁၀၇၂ ဒသမ ၀၈ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ရေတိုကာလမှာတော့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရအနေနဲ့ ယမန်နှစ် နွေကာလ မီးပြတ်တောက်မှုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကြိုတင်ဟန့်တားဖို့အတွက် အဆိုပါ အရေးပေါ် ဓာတ်အားပေးစက်ရုံတွေအပေါ် မျှော်မှန်းချက်ထားနေတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly