ကျောက်မထွက်သည့် နေရာကို ဒေသခံများအား ချထားမည်ဆိုသဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်

ကျောက်မထွက်သည့် နေရာကို ဒေသခံများအား ချထားမည်ဆိုသဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်

မိုးကုတ် အောက်တိုဘာ ၂၇ ။        ။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းရှိ ကျောက်မထွက်သည့် နေရာများတွင် ဒေသခံလက်လုပ်လက်စားများကို လျာထားချပေးမည်ဟုဆိုသည့်အတွက် မိုးကုတ်ဒေသခံများ က အောက်တိုဘာလ ၂၇ ရက် နံနက် ၉ နာရီက မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရာတွင် တရားမျှတမှုရှိသည့် သယံဇာတစီမံခန့်ခွဲမှု ဖြစ်ပေါ်ရေး ၊ ယခင်သတ်မှတ်လုပ်ကွက် ဧရိယာအတွင်း လက်လုပ်လက်စားလုပ်ကွက်များ သတ်မှတ်ပေးရေး ၊ လက်ဝါးကြီးအုပ် စီးပွားရေးစနစ် အလိုမရှိ စသည့် တောင်းဆို ကြွေးကြော်သံများဖြင့် မိုးကုတ်မြို့ ကျပ်ပြင်ရပ်တွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။

``ခုကျွန်တော်တို့ လက်လုပ်လက်စားတွေကို ချထားပေးမယ်ဆိုတဲ့နေရာတွေဟာ ကျောက်မထွက်ကြဘူး။ ကျွန်တော်တို့ ဒေသခံတွေက ကျောက်မထွက်တဲ့နေရာမှာ သွားတူးရရင် အဆင်မပြေနိုင်ဘူး။ ဒေသခံတွေနေတဲ့ နေရာနဲ့ ဝေးလည်းဝေးတယ် ။ ဒီလိုသာဆိုရင် ကျွန်တော်တို့ ဒေသခံတွေဟာ ကိုယ့်ဒေသမှာ အလုပ်မလုပ်ရပဲ အခြားဒေသတွေကို ရွှေ့ပြောင်း လုပ်ကိုင်ရတဲ့အနေအထားတွေဖြစ်နေမယ်´´ ဟု ဦးဆောင်ဆန္ဒပြသူ ဦးဇော်ဝင်း က ပြောသည် ။

မိုးကုတ်မြို့နယ်အတွင်းရှိ ရွှေညောင်ပင်၊ လောင်းစဉ်ရေဝေ၊ ထင်းရှူးတောင်၊ ကျောက်ပုံကြက်နဖ စသည့် ဒေသများတွင် လက်လုပ်လက်စားများကို ချထားပေးမည်ဖြစ်ရာ ဒေသခံများအနေဖြင့်လည်း အဆိုပါနေရာများတွင် ချထားပေးပါက လျှောက်ထားမည်မဟုတ်ကြောင်း သိရသည် ။

ထို့အပြင် ဒေသခံများကို ကျောက်ထွက်ရှိသည့် နေရာများဖြစ်သော အလတ်စား၊ အသေးစား လုပ်ကွက်များထဲမှ ၃၃ ရာခိုင်နှုန်းကို ချထားပေးစေလိုကြောင်း ကျောက်မျက်ဥပဒအကြံပြုကော်မတီ က အကြံပြုထားကြောင်း သိရသည် ။

``ခုကျွန်တော်တို့ သိထားတာက လက်လုပ်လက်စားလုပ်ကွက်တွေကို ကျောက်မထွက်တဲ့နေရာတွေမှာ ချထားပေးဖို့လုပ်နေတယ်လို့ သိရတယ် ။ ဒေသခံတွေအတွက်လည်း လုပ်ကိုင်စားသောက်ဖို့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ ကျောက်အမှန်တကယ်ထွက်တဲ့နေရာထဲမှာ ချထားပေစေလိုတယ်။" ဟု ကျောက်မျက်ဥပဒအကြံပြုကော်မတီဝင် ဦးဇော်ဝင်း က ပြောသည် ။

မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး ယခုအခါ နည်းဥပဒေ ထွက်ရှိရေး လုပ်ဆောင်လျှက်ရှိကာ နည်းဥပဒေထွက်ရှိလာသည့်အခါ အလတ်စား နှင့် အသေးစား ကျောက်မျက်လုပ်ကွက်များ ချထားပေးမည်ဖြစ်ကြောင်း သိရသည် ။

မိုးကုတ်မြို့၏ စီးပွားရေးသည် ကျောက်မျက်လုပ်ငန်းအပေါ်တွင် မီခိုနေပြီး ဒေသခံများ ကျောက်မျက်လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည် ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly