အိန္ဒိယမှာ စာခိုးချလို့ မရအောင် ခေါင်းမှာ ကတ္ထူဘူးခွံတွေ စွပ်ထားပြီး စာမေးပွဲ ဖြေခိုင်း

အိန္ဒိယမှာ စာခိုးချလို့ မရအောင် ခေါင်းမှာ ကတ္ထူဘူးခွံတွေ စွပ်ထားပြီး စာမေးပွဲ ဖြေခိုင်း

အိန္ဒိယနိုင်ငံက စာသင်ကျောင်းတစ်ကျောင်းဟာ ကျောင်းသားကျောင်းသူတွေ စာမေးပွဲ ဖြေဆိုရာမှာ စာခိုးချလို့ မရအောင် ခေါင်းမှာ ကတ္ထူဘူးခွံတွေ စွပ်ထားပြီး ဖြေဆိုခိုင်းတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတဲ့နောက်မှာ ပြန် လည်တောင်းပန်ရပါတယ်။

အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ်က Bhagat Pre-University College ကျောင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခုလို ကတ္ထူဘူးခွံ ခေါင်းမှာ စွပ်ခိုင်းပြီး စာမေးပွဲ ဖြေခိုင်းတာဟာ အစမ်းသဘောမျိုး လုပ်ဆောင်တာ ဖြစ်တယ်လို့ ကျောင်းစီမံရေးရာ အကြီးအကဲ အမ်ဘီဆတ်တိစ်က ပြောပါတယ်။

ခေါင်းမှာ ဘူးခွံတွေ စွပ်ထားပြီး အတန်းလိုက် ထိုင်လို့ စာမေးပွဲဖြေနေကြတာကို ဝန်ထမ်းတစ်ဦးက ဓာတ်ပုံရိုက်တင်လိုက်တာဖြစ်ပြီး ဒီ ဓာတ်ပုံကြောင့် ဝေဖန်မှုတွေ သောသောညံသွားခဲ့တာပါ။

ကျောင်းသားကျောင်းသူတွေအနေနဲ့ မေးခွန်းလွှာကို ကြည့်ပြီး ရေးဖြေနိုင်ဖို့အတွက်တော့ စွပ်ခိုင်းထားတဲ့ ကတ္ထူဘူးခွံတွေရဲ့ မျက်နှာရှေ့ဖက် အခြမ်းကို လှီးထုတ်ထားပါတယ်။ မြင်းတွေမှာ ရှိတဲ့ မျက်စိအကာလိုမျိုး ဘေးဘယ်ညာတွေကို မမြင်ရအောင် လုပ်ထားတာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကို လူမှုမီဒီယာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ကြရာမှာ အစိုးရတာဝန်ရှိသူတွေပါ ဖိအားပေး ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ပြည်နယ်ပညာရေးဝန်ကြီး ဆူရတ်ကူးမားကိုယ်တိုင် “ကျောင်းသားကျောင်းသူတွေကို တိရစ္ဆာန်လိုမျိုး ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဆက်ဆံခွင့် မရှိဘူး။”လို့ ၎င်းက တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကျောင်းဖက်ကတော့ အာဏာပိုင်တွေဆီ ဖြေရှင်းချက် တင်ပြရာမှာ ဒါကို အစမ်းသဘောမျိုး လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ တင်ပြပြီး တောင်းပန်ခဲ့ကြောင်း ဆတ်တိစ်က ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly