မကောင်းတဲ့ ငြိမ်းချမ်းရေးရယ်လို့ မရှိပါ

မကောင်းတဲ့ ငြိမ်းချမ်းရေးရယ်လို့ မရှိပါ

လွန်ခဲ့တဲ့တစ်ရက်က လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်ရှိအစိုးရတို့ ငြိမ်းချမ်းရေး သဘော တူစာချုပ် လက်မှတ် ထိုးခဲ့ကြသည်။ ကြားရသူအပေါင်း စိတ်ချမ်းမြေ့ ကြရသည်။ ထို ငြိမ်းချမ်းရေး သဘောတူစာချုပ်အောင်မြင်စွာ ချုပ်ဆိုနိုင်ခြင်းအပေါ် မိမိတို့ကလည်း လှိုက်လှဲစွာ ကြိုဆိုကြောင်း ဦးစွာပထမ ပြောကြားလိုပါသည်။

မိမိတို့နိုင်ငံတွင် လက်နက်ကိုင ်အဖွဲ့အစည်း ၁၇ ဖွဲ့အနက် ယခု ၇ ဖွဲ့မှာ အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း ဖြစ်သည်။ သဘောတူစာချုပ် မချုပ်ဆိုနိုင်သေးသည့် အဖွဲ့ ၁၀ ဖွဲ့ ရှိနေသေးသည်။ သို့သော်လည်း ယင်း ကျန်ရှိနေသေးသည့် ၁၀ ဖွဲ့သည် အစိုးရနှင့် မကြာခဏဆိုသလို တွေ့ဆုံ ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ထိတွေ့ ဆွေးနွေးနေဆဲသဘော ဆွေးနွေးမှုများတော့ ရှိနေခဲ့ ပြီး ဖြစ်သလို ရှိနေဆဲလည်း ဖြစ်သည်။ မကြာခင် ငြိမ်းချမ်းရေး သဘောတူစာချုပ်များ ချုပ်ဆိုလာနိုင် လိမ့်မည်ဟုတော့ မျှော်လင့်ရပါသည်။

မိမိတို့နိုင်ငံတွင် ယင်းကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အာဏာရ အစိုးရအဆက် ဆက်တို့ ယခုလို စေ့စပ် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ မရှိမဟုတ် ရှိခဲ့ဖူးပါ သည်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်နှင့် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရ လက်ထက်များကလည်း ယခုလိုပင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရှိခဲ့သည်။ တစ်သင်း တစ်ဖွဲ့ချင်း အနေအားဖြင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ကြ သော်ငြားလည်း အားလုံး အကျုံးဝင်သည့် တနိုင်ငံလုံး ငြိမ်ချမ်းရေးကိုမူ ရအောင် မယူနိုင်ခဲ့ကြ။ ထု့ိကြောင့် ပြည်တွင်းစစ်မီးမှာ တောက်လောင်မြဲ ဆက်လက် တောက်လောင်နေခဲ့သည် ချည်းသာ ဖြစ်သည်။

ယခုလည်း မနေ့တနေ့က ရယူနိုင်ခဲ့သည့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုအပေါ် ဝေဖန်သံများကိုတော့ ထုံစံအတိုင်း နေရာအနှံ့မှ ကြားနေကြရသည်။ တချို့က ယင်းစာချုပ်တွင် အင်အားကြီးပြီး အရေးပါသော လက်နက်ကိုင် အဖွဲ့တချို့ မပါရှိသေးသည့်အတွက် ခိုင်မာသည့်စာချုပ် မဖြစ်နိုင်ဟူ၍ ယူဆကြသည်။ တချို့ကမူ စာချုပ်ပါ အချက်တချို့မှာ ငြိမ်းချမ်းရေးကို အာမခံနိုင်သည့် သဘော မရှိဘူးဟူ၍ ယူဆသည်။ တချို့ကမူ ငြိမ်ချမ်းရေး သဘောတူစာချုပ် ဆိုသည်မှာ အပြန်အ လှန် အသိအမှတ်ပြု အပြန်အလှန် လေးစားမှုအပေါ် အခြေမစိုက်ပဲ ဖိအားပေးသဘော သက်ဝင်နေ သည်များ ရှိနေသည်ဟု ဝေဖန်ကြပါသည်။ တချို့ကမူ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ဆက်ဆံရေး၊ နယ်မြေကိစ္စနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု ကိစ္စများ ကွဲပြားတိကျစွာ သတ်မှတ်နိုင်ခြင်း မရှိသည့်အတွက် အချိန်မရွေး ထိခိုက် ပျက်ပြယ်နိုင်သည့် စာချုပ်သဘော ဖြစ်နေ သည်ဟုလည်း ထင်မြင် ယူဆကြပါသည်။ နောက်ထပ်တနည်းမှာ ဖက်ဒရယ်ပြည်ထောင်စု သဘော သဘာဝအပေါ် အခြေမစိုက်ပဲ၊ ဖက်ဒရယ်ပြည်ထောင်စုသဘော အခြေခံသဘောများကို ဦးတည်နိုင် ခြင်း မရှိပဲ တနည်းအားဖြင့်ဆိုလျင် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန် တိကျသည့် သဘောတူ ညီချက်များ မပါရှိခြင်းအတွက်လည်း ဝေဖန်သူများက ဝေဖန်ကြသူများလည်း ရှိပါသည်။

မည်သို့ပင်ဖြစ်စေ လက်နက်ကိုင်လျက် ပြဿနာများကို အကြမ်းဖက် ဖြေရှင်းခြင်း မပြုတော့ဘဲ နိုင်ငံရေးအသွင် သဏ္ဍာန်ဆောင်သည့် တွေ့ဆုံ ဆွေးနွေး အဖြေရှာသည့်နည်းဖြင့် ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် အတွက်ပင်လျင် ကောင်းမွန်သည့် အလုပ်ဟူ၍ အခိုင်အမာ ပြောလို့ရပါသည်။ စစ်ဖြစ်နေတာနှင့်စာလျင် စားပွဲဝိုင်း ထိုင်လိုက်ကြသည် ဆိုသည်နှင့်ပင် မင်္ဂလာရှိ သောကိစ္စ ဖြစ်ပါသည်။ ထို့ကြောင့် ခိုင်မာပြီးသည့်ထက် စစ်မှန်သည့် ငြိမ်းချမ်းရေးရဖို့ ဖြစ်ဖို့ကို ယခုလို ပင် စားပွဲဝိုင်းထိုင် ညှိနှိုင်း တဆင့်တိုးခြင်းဖြင့် လက်ရှိ ရရှိထားသည့် ငြိမ်းချမ်းရေးမှာ ခိုင်မာနေမည်သာ ဖြစ်သည်။

ထို့ကြောင့် နိဂုံးချုပ်ဆိုရလျင် မကောင်းသည့် ငြိမ်းချမ်းရေးဟူ၍ မရှိဆိုသည့်နည်းတူ ကောင်းသည့် စစ်ပွဲဟူ၍လည်း မရှိပါကြောင်း တင်ပြ ဆွေးနွေးလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags