ယင်းမာပင်တွင် ဖရဲစိုက်ခင်းပိုင်ရှင် တရုတ်နိုင်ငံသား တစ်ဦး အသတ်ခံရ

ယင်းမာပင်တွင် ဖရဲစိုက်ခင်းပိုင်ရှင် တရုတ်နိုင်ငံသား တစ်ဦး အသတ်ခံရ

ယင်းမာပင်၊ အောက်တိုဘာ- ၂၆။          ။ ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာအနီး ဖရဲစိုက်ခင်းမှ စိုက်ခင်းပိုင်ရှင် တရုတ်နိုင်ငံသား တစ်ဦးကို ဒေသခံ ဖရဲစိုက်ခင်းလုပ်သားနှစ်ဦးက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

စိုင်လျားကျေးရွာ အရှေ့ဘက် တစ် မိုင်ခန့်ရှိ ဖရဲစိုက်ခင်းတွင် အောက်တိုဘာ ၂၅ ရက် ညပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ဖရဲစိုက်ခင်းပိုင်ရှင် တရုတ်နိုင်ငံသား အသက် ၆၂ နှစ်ရှိ HUANG LINCHONG ကို စိုက်ခင်းလုပ်သား ကျော်မင်းထွန်း နှင့် နိုင်ကြီး(ခ) သက်နိုင်ဦး တို့က သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

သေဆုံးသွားသူ စိုက်ခင်းပိုင်ရှင်ဖြစ်သူသည် စိုက်ခင်းလုပ်သားများဖြစ်သည့် ကျော်မင်းထွန်းနှင့် နိုင်ကြီး ကို အခြားလုပ်သားများရှေ့တွင် အလုပ်ထွက်ရန် မောင်းထုတ်ခြင်း၊ ထုတ်ပေးထားသည့် ငွေကျပ် နှစ်သောင်းကို ပြန်လည်တောင်းခံခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ စစ်ဆေးချက်တွင် ဖော်ပြထားသည်။

"သူတို့နှစ်ယောက်လုပ်လိုက်တာ မျက်မြင်လည်းရှိတယ်၊နေ့ပိုင်းက စကားများပြီး ညကျ လူသတ်မှုဖြစ်တာ၊ တစ်ယောက်ကိုတော့ စိုက်ခင်းထဲမှာ မိတယ်၊ ကျန်တဲ့သူတော့ လိုက်ရှာဖမ်းရတာ၊" ဟု ယင်းမာပင်မြု့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးခိုင်က အတည်ပြုပြောကြားသည်။

ယင်းသို့ ပြုမူသည်ကို မကျေနပ်သည့်အတွက် စိုက်ခင်းရှိ တဲအတွင်း ဝင်ရောက်ကာ ကျော်မင်းထွန်းက သစ်သားတုတ်ဖြင့် စိုက်ခင်းပိုင်ရှင်ကို ဝင်ရိုက်စဉ် နိုင်ကြီးက ဓားမြှောင်ဖြင့် ထိုးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျော်မင်းထွန်း နှင့် နိုင်ကြီး ကို ဥပဒေအရ အရေးယူပေးပါရန် စိုက်ခင်းလုပ်သားခေါင်းဆောင် ဖြစ်သူက တရားလိုလုပ်ကာ ယင်းမာပင် ရဲစခန်းတွင်လူသတ်မှု ဖြင့် ဖမ်းဆီး အမှုဖွင့်ထားသည်။

မုံရွာဂေဇက်

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly