အောက်တိုဘာ ၂၅၊ ရန်ကုန်။ ။ လာမည့် (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ပြီး အမည်ပေါက် ယာဉ်ပိုင်ရှင် လူကိုယ်တိုင်သာ လာရောက်သက်တမ်းတိုးခွင့် ပြုတော့မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနထံက သိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မြင်သာရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မော်တော်ယာဉ်ဥပဒေအတိုင်း ဖြစ်လာမယ်၊ ပိုင်ရှင်နေရပ်လိပ်စာတွေ တိကျမှန်ကန်မှသာ မှတ်ပုံတင်မဲ့ယာဉ်တွေကို ဖမ်းနိုင်ဖို့ကို အထောက်အကူဖြစ်မယ်၊ နောက်ပြီး တရားဥပဒေစိုးမိုးရေးအတွက်လည်း အထောက်အကူ ဖြစ်စေမယ်” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးလျန်ကျင့်မန်က ပြောသည်။
ယာဉ်အမည်ပေါက် မဖြစ်သေးသူများအနေဖြင့် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ရက်မတိုင်ခင်အထိ မိမိတို့နေထိုင်ရာ မြို့နယ်များရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင် ဝင်ငွေခွန် အရင်ပေးဆောင်ပြီး ရန်ကုန်ကညန (မြင်သာရုံး)တွင် အမည်ပေါက် လာရောက်ပြောင်းလဲနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။
၀င်ငွေခွန်ပေးဆောင်ရာတွင် ယခင်က ၁၅ရာခိုင်နှုန်း ပေးဆောင်ရသော်လည်း ယခုအခါ အခွန်သက်သာခွင့် ပေးထားသည့် ကန့်သတ်ကာလအတွင်း သုံးရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သည်။ အခွန်သက်သာခွင့် ကန့်သတ်ကာလကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့မှ ၂၀၂၀ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ တခြားသူတွေနဲ့မတူတာ တချို့လူတွေက အခွန်မဆောင်ကြတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ အခွန်ရရှိဖို့အတွက် ဝန်ကြီးဌာနချင်းချိတ်ဆက်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု မော်တော်ယာဉ် အမည်ပေါက် စီမံချက်နှင့် ပတ်သက်ပြီး ဦးလျန်ကျင့်မန်က ပြောသည်။
မော်တော်ယာဉ်များအတွက် ကနဦးမှတ်ပုံတင်ခြင်း၊ နှစ်လဲ သက်တမ်းတိုးခြင်း၊ ယာဉ်မှန် မမှန်စစ်ဆေးခြင်း၊ ခရီးလွန်စစ်ဆေးခြင်း၊ စက်နှင့် ဆေးပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထားပျောက်ဆုံးြခင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမည်ပေါက် ယာဉ်ပိုင်ရှင်ကိုယ်တိုင်သာ ဆောင်ရွက်ရတော့မည် ဖြစ်သည်။
သတ်မှတ်ရက်မတိုင်မီ အမည်ပေါက် ပြောင်းလဲမထားသည့် ယာဉ်ပိုင်ရှင်များသည် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ ဒဏ်ကြေး တစ်သိန်းအထိ ပေးဆောင်ရမည် ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/