မြောက်ဦးပြည်သူ့ဆေးရုံအား ဖြည့်ဆည်းပေးရန် သေဆုံးသူ ကိုယ်ဝန်ဆောင် မိသားစု တောင်းဆို

မြောက်ဦးပြည်သူ့ဆေးရုံအား ဖြည့်ဆည်းပေးရန် သေဆုံးသူ ကိုယ်ဝန်ဆောင် မိသားစု တောင်းဆို

အောက်တိုဘာ ၁၇ ရက် ။              ။ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များက ယင်းဆေးရုံ၏ လိုအပ်ချက်ဖြစ်သော ဆေးဝါးများနှင့် နည်းပညာများကို ဖြည့်ဆည်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

မြောက်ဦးဟိုတယ်တွင် မြို့မိမြို့ဖများ၊ ဆရာဝန်များနှင့် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ဆုံစဉ် တောင်းဆိုလိုက် ခြင်းဖြစ်သည်။

သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီး မမီမီကျော်သည် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မွေးဖွားခါနီးတွင် နေမကောင်းဖြစ်သဖြင့် ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသရာမှ ဆေးထိုးပြီး ၅ မိနစ်နှစ်ခန့်အကြာ၌ သေဆုံးသွားခဲ့သည်ဟုဆိုသည်။

ဒေသခံများက ဆေးထိုးမှားယွင်းမှုကြောင့် သေဆုံးရသည်ဟု သံသယများရှိနေကြပြီး အမှုမှန်ပေါ်ပေါက်အောင်ဆောင် ရွက်နိုင်ရန်လည်း ယင်းဆွေးနွေးပွဲ၌ ပြောဆိုဆွေးနွေးခဲ့ကြကြောင်းလည်း သူမယောကျ်ား၏ ဖခင်ဖြစ်သူက ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ ဆုံးသွားတဲ့လူကတော့ ဆုံးသွားပြီ။ ဆရာဝန်ကို အပြစ်ယူမယ်။ သူနာပြုတွေကို အပြစ်ယူမယ် ဆိုတဲ့သဘောမဟုတ်ပါဘူး။   မြောက်ဦးမြို့က   ဆေးရုံကို ပြုပြင်ပြောင်းလဲအောင်လုပ်ဖို့ဆိုတဲ့ အချက်ကိုပဲ တောင်းဆိုခဲ့ တာပါ။ အဓိကတော့ ဆေးရုံသုံးပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေနဲ့ တခြားဆေးရုံနဲ့ ပတ်သက်တာတွေ၊ နည်းပညာတွေကို တောင်းဆိုခဲ့တာပါ။” ဟု ပြောသည်။

ယင်းဆွေးနွေးမှုတွင် ခရိုင်အဆင့်အရာရှိများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ဆရာဝန် အပါဝင် သေဆုံးသူ အမျိုးသမီး၏ ဆွေးမျိုးများ တက်ရောက်ခဲ့ကြသည်။

အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် သေဆုံးအမျိုးသမီး၏ ဆေးစစ်ချက်များအား ရန်ကုန်ရှိ ဓါတုဗေဒရုံးသို့ ပို့ဆောင်ထား ကြောင်းနှင့် လက်ရှိမြောက်ဦးဆေးရုံတွင် တာဝန်ကျနေသည့် ဆရာဝန်ဦးခွန်မောင်အိုးမှာ လူမှုကွန်ယက်များ၌ ပျံ့နှံ့နေ သလို စစ်ဘက်မှပြောင်းလာသည့်ဆရာဝန် မဟုတ်ကြောင်းကိုလည်း ကိုယ်တိုင်ဝန်ခံပြောဆိုခဲ့သည်။

မြောက်ဦးလူမှုကွန်ယက်အဖွဲ့မှ ဦးမောင်ကျော်ဇောကလည်း "ကျနော်တို့ လေ့လာချက်အရ အဲဒီကလေးကို သားအိမ်ပွင့် ဆေးဆိုတဲ့ ဆေးတစ်လုံးထိုးတယ်။ ပထမတစ်လုံးထိုးတော့ ဘာမှမဖြစ်ဘူး။ နောက် ၈ နာရီအကြာ ထပ်ပြီးတော့ တစ်လုံး ထိုးတယ်။ အဲဒီအချိန်မှာ ဖြစ်သွားတာပဲ။ ဆေးကြောင့် တခုခုတော့ ဖြစ်သွားတာပဲ။ ဆေးက ကလေးမမွေးမီ ထိုးလေ့ရှိတဲ့ ဆေးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆေးထိုးတာနဲ့ ကလေးဟာ အပေါ်ကို ပြန်ကန်တက်တယ်ဆိုတာမျိုး ဖြစ်တတ်တယ်ဆိုပြီး တော့ ကျနော့်သူငယ်ချင်း ဆရာဝန်တယောက်က ပြောဖူးပါတယ်။" ဟု ပြောသည်။

ယင်းဖြစ်ရပ်မျိုး ဖြစ်လေ့ဖြစ်ထ ရှိမရှိ စစ်တွေပြည်သူ့ဆေးရုံက အစိမ်းဝတ်အဆင့်ရှိ ဆရာဝန် အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ "အဲဒီ သားအိမ်ပွင့်ဆေးထိုးရင် အပေါ်ကို ပြန်မတက်ပါဘူး။ ကလေးမွေး ပိုလွယ်အောင်လို့ အောက်ကို ဆင်းစေချင်လို့ ထိုးကြတာ။ အဲဒီဆေး အဓိကရည်ရွယ်ချက်ကလည်း ကလေး အောက်ကို ဆင်းစေချင်တာဖြစ်တယ်။ ဒါပေမယ့် ဒီဆေးမထိုးမီ ကလေးအမေမှာ   နုလုံးရောဂါတို့၊ မွန်းတာ၊ အသက်ရှုကျပ်တာတို့ ရှိနေရင် ဒီဆေးကို မထိုးရဘူး။" ဟု ပြန်ဖြေကြားသည်။

မမီမီကျော်မှာ အသက်မဆုံးမီ အသက်ရှုကျပ်တတ်သည်ဟု ပြောခဲ့ကြောင်း ခင်ပွန်းဖြစ်သူ ကိုဇော်ဖြိုးက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သေဆုံးသူအမျိုးသမီး၏ ဆေးစစ်ချက်များမှ အဖြေထွက်ရှိလာမှ အမှုမှန်ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ ဆေးရုံ၌ လိုအပ်ချက်များရှိနေသည်မှာတော့ အမှန်တကယ်ဖြစ်ကြောင်းနှင့် ပြန်လည်ဖြည့်ဆည်းသွားရန် လည်းရှိကြောင်း ဆရာဝန် ဦးခွန်မောင်အိုးက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly