တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်လိုသူများအတွက် တစ်ပတ်လျှင် ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်လေးခုမှ တင်သွင်း/တင်ပို့ခွင့် ပြုထား

By ထက်မြတ်
17 October 2019
တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်လိုသူများအတွက် တစ်ပတ်လျှင် ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်လေးခုမှ တင်သွင်း/တင်ပို့ခွင့် ပြုထား

မန္တလေး(အောက်တိုဘာ ၁၇ရက်၊ ၂၀၁၉ခုနှစ်)။      ။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်လိုသူများအတွက် တစ်ဦးချင်း ကုန်သွယ်မှုအဖြစ် ရက်သတ္တပတ် တစ်ပတ်အတွင်း ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို နယ်စပ်ဂိတ်လေးခုမှ တင်သွင်း/တင်ပို့ခွင့် ပြုထားသည်ဟု ပို့ကုန်၊ သွင်းကုန်ရုံး(မန္တလေး)မှ တာဝန်ရှိသူတစ်ဦး အတည်ပြု ပြောကြားသည်။

“တင်သွင်းဖို့အတွက် ITC (တစ်ဦးချင်းကုန်သွယ်မှု) ကတ်ဒ် ပြုလုပ်ပြီးရင် တစ်ရက်ကို သိန်း၃ဝ သတ်မှတ်ထားပြီး တစ်ပတ်အတွက် သိန်း ၁၅၀ တန်းဖိုးရှိပစ္စည်းတွေကို တင်ပို့ခွင့်၊ တင်သွင်းခွင့် ခွင့်ပြုထားတယ်။ အကယ်၍ တစ်ပတ်အတွက် တစ်ရက်တည်းနဲ့ သိန်း ၁၅၀ တန်ဖိုးရှိတာတွေကို တင်သွင်းချင်တယ်ဆိုလည်း ခွင့်ပြုပေးလျက်ရှိပါတယ်” ဟု ပို့ကုန်၊ သွင်းကုန်ရုံး(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းက ပြောသည်။

ပို့ကုန်/သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ITC ကတ်ဒ်အား လာရောက်လျှောက်ထားနိုင်ကာ အဆိုပါ ကတ်ဒ်ပြားဖြင့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် တမူးနယ်စပ်ဂိတ်များမှ ကုန်ပစ္စည်းများကို တင်သွင်း/တင်ပို့ခွင့် ရရှိမည် ဖြစ်သည်။

“ကုမ္ပဏီ မထောင်တဲ့ သူတွေအတွက် ITC ကဒ်နဲ့ ဒေသတွင်းသုံးဖို့ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဆယ်ဘီးကားကြီး တွေနဲ့ အများကြီး သယ်ယူတာမျိုးတော့ မရနိုင်ပါဘူး။ ကန့်သတ်မှုတော့ရှိတာပေါ့။ ထိုင်းနယ်စပ်ကနေ တင်သွင်း ခွင့်မပြုဘူး။ ဒီနယ်စပ်ဂိတ်လေးခုကပဲ ခွင့်ပြုတာ” ဟု ဒေါက်တာစိုးဝင်းက ဆိုသည်။

ITC ကတ်ဒ်၏ သက်တမ်းကို တစ်နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပြည့်ရန် တစ်လအလိုတွင် သက်တမ်းတိုးရမည်ဖြစ်ကာ ပျက်ကွက်ပါက ဒဏ်ကြေးအဖြစ် ကျပ်ငွေ ငါးထောင် ပေးဆောင်ရမည် ဖြစ်သည်။

ပို့ကုန်/သွင်းကုန်များကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ရန် ထိုသို့ လုပ်ဆောင်ပေးနေသော်လည်း ITC ကတ်ဒ် လာရောက်လျှောက်ထားသူ အရေအတွက်မှာ လွန်စွာ နည်းပါးပြီး မန္တလေးရုံးတွင်မူ လာရောက်လျှောက်ထားသူ ၂၂ဦးသာ ရှိသေးသည်။

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် စက်တင်ဘာလကုန်အထိ ICT ကတ်ဒ် ၁၆၃ခု ထုတ်ပေးထားပြီး ကုန်သွယ်မှုပမာဏ အားဖြင့် ငွေကျပ် ခြောက်ဘီလျံနီးပါးအထိ ရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly