အမြန်ရထားစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံတန် သဘောတူညီချက်ကို တရုတ်နှင့် အင်ဒိုနီးရှားလက်မှတ်ထိုး

အမြန်ရထားစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလျံတန် သဘောတူညီချက်ကို တရုတ်နှင့် အင်ဒိုနီးရှားလက်မှတ်ထိုး

ဂျာကာတာ၊ အောက်တိုဘာ ၁၆ ။          ။ အင်ဒိုနီးရှားတွင် ပထမဆုံးအကြိမ်ဆောက်လုပ်မည့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းအတွက် ပြိုင်ဆိုင်မှုတွင် ပေကျင်းက တိုကျိုကို အနိုင်ရရှိပြီးနောက် တည်ဆောက်မှုပြုလုပ်ရန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံတန်သဘောတူညီမှုတစ်ခုကို တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီများက အောက်တိုဘာ ၁၆ တွင် လက်မှတ်ရေးထိုးသည်။

ဖောက်လုပ်မည့် ရထားလမ်းက အင်ဒိုနီးရှားမြို့တော် ဂျာကာတာနှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသော တောင်များဝန်းရံသည့် ဘန်ဒေါင်းမြို့ကို ဆက်သွယ်ပေးမည်ဖြစ်ပြီး ယင်းမှာ အင်ဒိုနီးရှား၏ အခြေခံအဆောက်အအုံကို အစအဆုံးပြောင်းလဲမည့် သမ္မတဂျိုကိုဝီဒိုဒို၏ စီမံကိန်းများထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ထို့အပြင် ယင်းသို့ပြောင်းလဲခြင်းဖြင့် ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နိုင်ရန်လည်းဖြစ်သည်ဆိုသည်။

ယင်းသို့ရထားလမ်းမျိုးဂျပန်ကဆောက်မည်ဟု ကာလရှည်ကြာစွာကပင် မျှော်လင့်ခဲ့ကြသော်လည်း ယခုနှစ်အစောပိုင်းတွင် ပြိုင်ပွဲအတွင်းသို့ တရုတ်က ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့ကို ဒေါသဖြစ်စေ ခဲ့သော ဈေးပြိုင်တင်သွင်းမှုလုပ်ငန်းစဉ်ဖရိုဖရဲဖြစ်ပြီးနောက် တိုကျို၏ ဈေးပြိုင်ကမ်းလှမ်းမှုမှာ လွန်ခဲ့သည့်လက ပယ်ချခံရသည်။

အောက်တိုဘာ ၁၆က တရုတ်၏ နိုင်ငံပိုင် China Railway International ကုမ္ပဏီ၏ ဥက္ကဋ္ဌ ယန်ကျုံးမင်းသည် ရထားလမ်းတည်ဆောက်ရေးအတွက် ဖက်စပ်လုပ်ငန်းဖွဲ့စည်းရန် အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီများအဖွဲ့နှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လာမည့်နှစ် တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ကာ ၂၀၁၉ခုနှစ်တွင် ရထားစတင်ပြေးဆွဲနိုင်မည်ဆိုသည်။

ကုန်ကျငွေ၏ ၇၅ ရာခိုင်နှုန်းကို တရုတ်၏ နိုင်ငံပိုင် China Development Bank ဘဏ်က ထုတ်ပေးမည်ဖြစ်ပြီး ကျန်ငွေကို တရုတ်ရထားကုမ္ပဏီနှင့် အင်ဒိုနီးရှားကုမ္ပဏီစုမှ ထုတ်မည်ဖြစ်သည်။ ယခုတည်ဆောက်မည့် ရထားလမ်းအတွက် အင်ဒိုနီးရှားအစိုးရထံမှ မည်သည့်ဘဏ္ဍာငွေမျှ ထုတ်ပေးစရာမလိုဟု သိရသည်။ ဂျပန်၏ ကမ်းလှမ်းမှုပယ်ချခံရခြင်းအတွက် အကြောင်းရင်းတစ်ခုမှာ အစိုးရကငွေထုတ်ရန်လိုသောကြောင့်ဟု အင်ဒိုနီးရှားအရာရှိများကဆိုသည်။

မြန်နှုန်းမြင့်ရထားက ဂျာကာတာမှ ဘန်ဒေါင်းကြား ဘူတာရှစ်ခုကို ဖြတ်သန်းပြီး ရထားက တစ်နာရီလျင် ကီလိုမီတာ ၂၅၀နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်သည်။ ရထားစီမံကိန်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားအစိုးရ သည် အကြိမ်ကြိမ်သဘောထားပြောင်းခဲ့သည်။ ဂျပန်သည် ကမ္ဘာ့အဆင့်ရထားထုတ်လုပ်သူအဖြစ်ကျော်ကြားသော်လည်း ဈေးပြိုင်တင်သွင်းမှုတွင် ရှုံးနိမ့်ခဲ့သည်။

တရုတ်၏ အန္တရာယ်ကင်းရှင်းရေးစံမှာ စိစစ်နေရဆဲအဆင့်သာရှိပြီး ၂၀၁၁ခုနှစ်က ရထားပျက်မှုကြောင့် အနည်းဆုံးလူ ၄၀သေဆုံးခဲ့ပြီး ၂၀၀ခန့် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly