ချင်း ကစားသမားလေးဦး စည်ကမ်းဖောက်ဖျက်၍ အသင်းမှ ဒဏ်ကြေး သိန်း ၅၀ စီချမှတ်

ချင်း ကစားသမားလေးဦး စည်ကမ်းဖောက်ဖျက်၍ အသင်းမှ ဒဏ်ကြေး သိန်း ၅၀ စီချမှတ်
ချင်းကစားသမား ဇော်လင်း(အနီ) အား မကွေးနှင့်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

အောက်တိုဘာ ၁၆၊ ရန်ကုန်။             ။ မြန်မာနေရှင်နယ်လိဂ် ကလပ် ချင်းယူနိုက်တက်အသင်းအနေဖြင့် အသင်းစည်းကမ်းဖောက်ဖျက်သည့် ကစားသမားလေးဦးကို တစ်ဦးလျှင် ဒဏ်ကြေးငွေကျပ် သိန်း ၅၀ စီ ချမှတ်လိုက်သည် ဟု ်အသင်း စီအီးအို ဦးဒိုခန်ခုပ်က ပြောသည်။

အဆိုပါ ကစားသမားလေးဦးမှာ ရဝေဇင်၊ ဇော်လင်း၊ ခွန်ဇေယျာထွန်း၊ စိုးသီဟဇော် တို့ ဖြစ်ကြပြီး ယင်းကစားသမားများသည် အသင်းလေ့ကျင့်ရေးအစီအစဉ်ကို ၂ ရက်ခွင့်မဲ့ပျက်ကွက်ခြင်း၊ နည်းပြအား ပြန်လည် မတောင်းပန်ခြင်း၊ ကစားသမားအချင်းချင်း စိတ်ဝမ်းကွဲအောင် ပြုလုပ်ခြင်း တို့ကြောင့် ပြစ်ဒဏ်ချခံရခြင်း ဖြစ်သည်။

“ ဒီကစားသမားလေးယောက်က အသင်းကို ခွင့်မဲ့ပျက်ကွက်လို့ပါ။ ပြီးတော့ ပြန်လာတဲ့အချိန်မှာလည်း နည်းပြကိုတောင်းပန်ဖို့ ပြောတော့ မတောင်းပန်ဘူး။ အဲဒီ့အတွက်ကြောင့် ဒဏ်ကြေး ချမှတ်ရတာပါ။ ဒီဒဏ်ကြေးက အစကတည်းက အသင်းမှာ သတ်မှတ်ထားတဲ့ ဒဏ်ကြေးပါပဲ။ လာမယ့်ပွဲတွေမှာတော့ သူတို့ကို နည်းပြက မသုံးချင်တော့ပါဘူး။ လေ့ကျင့်ခွင့်တော့ ပေးပါမယ်။ သူတို့အားလုံးကတော့ ဒီရာသီထိပဲ စာချုပ်ရှိတာဖြစ်တဲ့အတွက် အသင်းမှာ ဆက်ရှိ မရှိကိုတော့ သူတို့ရဲ့ အမူအကျင့် ပြင် မပြင် စောင့်ကြည့်သွားမှာပါ ” ဟု ဦးဒိုခန်ခုပ်က ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ ကစားပြီးချိန်၌ ငါးပွဲနိုင် လေးပွဲသရေ ဆယ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၉ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၇ တွင် ရပ်တည်လျက်ရှိသည်။

ချင်းယူနိုက်တက်အသင်းသည်  ၂၀၁၅ ဘောလုံးရာသီ လက်ကျန်ပွဲစဉ်များအဖြစ် အောက်တိုဘာ ၁၇ တွင် နေပြည်တော်၊ အောက်တိုဘာ ၂၄ တွင် ဇေယျာရွှေမြေ၊ အောက်တိုဘာ ၃၀ တွင် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly