အောက်တိုဘာ ၉ ။ ။ ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ကမ်းခြေပေါင်း ၁၃၀ ကျော်မှာ ရေနံယိုဖိတ်မှုတွေကြောင့် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေရလျက်ရှိပါတယ်။
ဒါပေမယ့် အဆိုပါ ရေနံယိုဖိတ်မှုတွေဟာ ဘယ်ကနေ စဖြစ်သလဲ ဆိုတာကို လက်ရှိအချိန်အထိ မသိရသေးတဲ့အတွက် ယင်း ယိုဖိတ်မှု ပြဿနာရဲ့ ရင်းမြစ်ကို ဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ဘရာဇီး အာဏာပိုင်တွေက ပြောပါတယ်။
ယခုအချိန်အထိ ယင်းရေနံ ယိုဖိတ်မှု ပြဿနာကို အဖြေမရှာသေးဘဲ ဖြစ်နေပါတယ်။
ဒါပေမယ့်လည်း ဒီ ယိုဖိတ်ရေနံတွေဟာ နိုင်ငံပြင်ပကနေ ရောက်လာတာဖြစ်နိုင်ပြီး ရာဇဝတ်ဂိုဏ်းသားတွေရဲ့ လက်ချက်ဖြစ်နိုင်ကြောင်း ဘရာဇီး သမ္မတ ဂျဲရာ ဘိုလ်ဆိုနာရိုက ပြောပါတယ်။
တစ်ချိန်တည်းမှာပင် ယခု ရေနံယိုဖိတ်မှုက ဘရာဇီးနိုင်ငံအတွက်ကတော့ အဆိုးဝါးဆုံးသော သဘာဝပတ်ဝန်းကျင် ဘေးဒုက္ခဆိုးတစ်ခုဖြစ်လာခဲ့ကြောင်း ပင်လယ်လိပ် ကာကွယ်ရေး အဖွဲ့ Tamar ကလည်း ထုတ်ပြန်သွားပါတယ်။
အဆိုပါ ယိုဖိတ်ရေနံ အကွက်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ အစောပိုင်းကတည်းက စတွေ့ခဲ့ရတာဖြစ်ပြီး ယခုအခါ အတ္တလန္တိတ် ကမ်းရိုးတန်း ကီလိုမီတာ ၂,၀၀၀ အထိ ပြန့်နှံ့နေကြောင်း သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/