အဆိုတော် ဖြိုးပြည့်စုံအပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး

By လာဘ်ရတနာဗိုလ်
08 October 2019
အဆိုတော် ဖြိုးပြည့်စုံအပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး
ဓာတ်ပုံ - CCDAC Myanmar

ရန်ကုန်၊ အောက်တိုဘာ ၈ ။        ။ လူငယ်တေးသံရှင် ဖြိုးပြည့်စုံနှင့် တေးရေး ငြိမ်းချမ်း၊ တေးရေး ရော်နီစန်းလွင်တို့သုံးဦးကို အောက်တိုဘာ ၇ရက်ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်း၏ပြောကြားချက်အရသိရသည်။
 

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၅နာရီ ၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ ---- ကော်ဖီဆိုင်သို့ရောက်ရှိလာသော သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်တွင်နေထိုင်သော ဖြိုးပြည့်စုံ ၃၂ နှစ်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်၊ ဇလွန်လမ်း တွင် နေထိုင်သော ငြိမ်းချမ်းကို ၂၄ နှစ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၄)ရပ်ကွက်တွင် နေ ထိုင်သော ရော်နီစန်းလွင် ၃၂ နှစ်တို့အား ၎င်းတို့စီးနင်းမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့်အတူ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်၍ စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ၁၂၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုတော်ဖြိုးပြည့်စုံက အဆိုပါဆေးပြားများကို ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ထို့သို့ တွေ့ရှိခဲ့သည့် ဆေးပြား၁၀ပြားအား မူးယစ်ဆေးဝါးဖြစ်၊ မဖြစ် အခြေအနေကို ဓာတုဗေဒဝန်ရုံး CEရုံးကို ရက်ပိုင်းအတွင်း မေးမြန်းသွားမည်ဟု ရဲမှူးသိန်းဝင်းက ဆက်ပြောသည်။

ဖြိုးပြည့်စုံသည် အလွမ်းအဆွေးသီချင်းများ သီဆိုမှုဖြင့် လူငယ်များအကြား ရေပန်းစား ကျော်ကြားနေသည့် လူငယ်တေးသံရှင်တစ်ဦး ဖြစ်သလို ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါသုံးဦးကို ဗဟန်းမြို့မ ရဲစခန်းမှ မူးယစ်(ပ) ၄၄/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့်လှစ်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly