ဟောင်ကောင်မှာ ဆန္ဒပြကျောင်းသားကို ရဲပစ်ခတ်တာကြောင့် ကျောင်းရှေ့မှာ ထိုင်သပိတ် ဆင်နွှဲ

ဟောင်ကောင်မှာ ဆန္ဒပြကျောင်းသားကို ရဲပစ်ခတ်တာကြောင့် ကျောင်းရှေ့မှာ ထိုင်သပိတ် ဆင်နွှဲ

ဟောင်ကောင်၊ အောက်တိုဘာ ၂ ။            ။ ဟောင်ကောင်မှာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ကျည်ဆန်ထိမှန်တာကြောင့် ဆန္ဒပြသူ ရာပေါင်းများစွာဟာ အဲဒီ ကျောင်းသားရဲ့ ကျောင်းပြင်ဖက်မှာ ဗုဒ္ဓဟူးနေ့က ထိုင်သပိတ် ဆင်နွှဲကြပါတယ်။

ရဲရဲ့ ပစ်ခတ်ခံရတဲ့ ကျောင်းသားဟာ ဒဏ်ရာရပေမယ့် လက်ရှိမှာ အခြေအနေ မစိုးရိမ်ရတော့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ စီးပွားရေးအချက်အချာ ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာဟာ လေးလနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်နဲ့ ပစ်ခတ်လို့ ဆန္ဒပြသူတစ်ဦး ကျည်ဆန်ထိမှန်တာဟာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပြီး အဲဒီ ပစ်ခတ်မှုကြောင့် အခြေအနေတွေ ပိုမို ဆိုးဝါးလာစေပါတယ်။

အဲဒီနေ့ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ အုပ်စိုးမှု နှစ် ၇၀ ပြည့် ကျင်းပနေချိန်ဖြစ်ပြီး ဟောင်ကောင်မှာတော့ တရုတ်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေဟာ တရုတ်နိုင်ငံဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေ ပြဌာန်းဖို့ လုပ်ဆောင်လာတာကို ကန့်ကွက်ရင်း ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်းကို အာဏာပိုင်တွေက ဖျက်သိမ်းလိုက်ပေမယ့် အစိုးရဆန့်ကျင်တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ မငြိမ်းနိုင်ဘဲ ဆက်လက်ဖြစ်ပွားနေတော့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly