ထိုင်းနိုင်ငံ၏ သေဒဏ်တားဆီးမှု ပပျောက်ရေးနေ့ကမ်ပိန်းတွင် ဝင်းနှင့်ဇော်အကြောင်း ထည့်သွင်းဆွေးနွေးမည်

ထိုင်းနိုင်ငံ၏ သေဒဏ်တားဆီးမှု ပပျောက်ရေးနေ့ကမ်ပိန်းတွင် ဝင်းနှင့်ဇော်အကြောင်း ထည့်သွင်းဆွေးနွေးမည်
Photo - EPA

စက်တင်ဘာ ၂၈၊ ရန်ကုန် ။           ။ ထိုင်းနိုင်ငံ၏ သေဒဏ်တားဆီးမှုပပျောက်ရေးနေ့ကမ်ပိန်းတွင် ဝင်းနှင့်ဇော်အကြောင်းကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းများက ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဝင်းနဲ့ ဇော်အတွက် သီးသန့်ကမ်းပိန်းတော့မဟုတ်ဘူး။ ဒါပေမယ့် အဲ့အကြောင်းအရာကို သူတို့ ဆွေးနွေးတဲ့ထဲမှာ ပါဝင်မယ်။ သူတို့ပြောတဲ့အထဲမှာ ဝင်းနဲ့ဇော်လိုမျိုး တကယ်မခိုင်လုံတဲ့အမှုတွေမှာ မကောင်းမွန်တဲ့ အပြစ်ဒဏ်ပေးမှုလို့ ယူဆမလားဆိုတဲ့ ထောက်ပြချက်တွေရှိမှာပေါ့။ ဒါက သူတို့ ဆွေးနွေးမယ့်သူများ ပြောထားတဲ့အချက်ပါ” ဟု ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ထိုင်းနိုင်ငံ၏ သေဒဏ်တားဆီးမှုပပျောက်ရေးနေ့ကမ်ပိန်းကို စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၌ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါကမ်ပိန်းတွင် သေဒဏ်ပေးမှုဖျက်သိမ်းရေးကို လက်မှတ်ထိုးရန်တောင်းဆိုသွားမည်ဖြစ်ပြီး လက်ရှိသေဒဏ်ပေးနေသောအမှုများသည် ရာဇဝတ်မှုကို အမှန်တကယ်ထိရောက်စွာ တားဆီးနိုင်မှုရှိ၊ မရှိ ဆွေးနွေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံပြည်သူများအနေဖြင့် ဝင်းနှင့် ဇော်တို့အမှုနှင့် ပတ်သက်ပြီး သိရှိမှုအားနည်းနေသေးကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

“ကျွန်တော်တို့ Asean people’s Forum၊ Asean Civil Society Conference မှာတုန်းက သူတို့နှစ်ယောက်က အပြစ်ရှိပါတယ်ဆိုတာတွေ ရှိတယ်။ အဲ့တုန်းက ကျွန်တော်က ရှင်းပြတယ်။ မြန်မာဖြစ်လို့ မဟုတ်ဘူး။ သေဒဏ်ပေးခံရတဲ့အချိန်မှာ မခိုင်လုံတဲ့ အချက်တွေပါနေတယ်။ အပြစ်မရှိတဲ့သူကို အပြစ်ဒဏ်ပေးခြင်းကို ကျွန်တော်လက်မခံနိုင်ဘူးဆိုတာ ထောက်ပြခဲ့ပါတယ်” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ဝ ရက်နေ့ကလည်း မြန်မာအရပ်ဖက်အဖွဲ့အစည်းများနှင့် ထိုင်းအရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ထိုင်းဘာသာဖြင့် ရေးသားထားသည့် ဝင်းနှင့် ဇော်လွှတ်ပေးရေးတောင်းဆိုစာကို ထိုင်းဘုရင်ထံပေးပို့ပေးခဲ့ပြီး အာဆီယံအရပ်ဖက်အဖွဲ့အစည်း ငါးရာခန့်ကလည်း တောင်းဆိုမှုတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly