တရားမဝင် ရွှေကုန်ကူးမှု ပြုလုပ်နေသည့် ခရီးသွားကုမ္ပဏီများ ပပျောက်ရေး ဆောင်ရွက်မည်

တရားမဝင် ရွှေကုန်ကူးမှု ပြုလုပ်နေသည့် ခရီးသွားကုမ္ပဏီများ ပပျောက်ရေး ဆောင်ရွက်မည်

ရန်ကုန်။ ။ စက်တင်ဘာ ၂၈ ။           ။  ခရီးသွားလုပ်ငန်းကို အကြောင်းပြုပြီး ရွှေမှောင်ခို ပြုလုပ်နေခြင်းများ ပပျောက်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဂါယာ ခရီးသွားလုပ်ငန်းကော်မတီထံက သိရသည်။

ခရီးသည်များကို ရွှေဝတ်ဆင်စေပြီး အိန္ဒိယနိုင်ငံကို ရွှေကုန်ကူးမှုပြုလုပ်နေမှုများ ပပျောက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွား လုပ် ငန်းရှင်များအသင်း နှင့် ဗုဒ္ဓဂါယာခရီးသွားလုပ်ငန်းကော်မတီတို့ ပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်ပြီး တရား မဝင်ရွှေ ကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်ရန် ရည်ရွယ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

” ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်း ပြီးတော့ မှ သူတို့ဆုံးဖြတ်ချက်အတိုင်းပေါ့။ လတ်တလောတော့ မပြောနိုင်သေးပေမဲ့၊ ကျွန်တော်တို့ ကော်မတီ က တော့ သင်းဖွဲ့စည်းမျဉ်းကို ချိုးဖောက်ပြီး တရားမဝင်ရွှေသယ်မယ်ဆိုရင် အဖွဲ့ကနေထုတ်ပယ်မယ်လို့ပြော ထားပြီးသားပါ။ နောက်ခရီးသွားဥပဒေထွက်နေပြီ ကုမ္ပဏီပိတ်သိမ်းလို့ရတယ်။ နောက်ပိုင်း ထောင်ဒဏ်ထိရှိ ပါတယ်။ ဒါတွေက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ၊အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့မှ ဆက်လက်ဆောင်ရွက် ဖို့ရှိပါတယ်”  ဟု ဗုဒ္ဓဂါယာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကပြောသည်။

အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံကြားတွင် ရွှေစျေး နှင့်ရွှေအရည်အသွေး ကွာဟမှုရှိခြင်းကြောင့် ခရီးသွားကုမ္ပဏီ အချို့မှဘုရားဖူး ခရီးသည်များကို ဝန်ဆောင်ခစျေးနှုန်းလျော့ချ ၍ ရွှေလက်ဝတ်ရတနာများ ဝတ်ဆင်စေကာ တရားမဝင် ရွှေကုန်ကူးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံဘက်မှ ရွှေလက်ဝတ်လက်စား သယ်ယူခွင့်ပြုထားသည့် ပမာဏ နှင့် အိန္ဒိယ နိုင်ငံ ဘက်မှ သယ်ယူဝင်ရောက်ခွင့်ပြုထားသည့်ပမာဏ ကွာခြားချက်မှာလည်း အဓိကအကြောင်းအရင်း တစ်ချက် ဖြစ်ကြောင်း ဗုဒ္ဓဂါယာ ဘုရားဖူး ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌ ဦးဘဟိန်းဆိုသည်။

 “ ကျွန်တော်တို့ဘက်က လက်ဝတ် လက်စားသယ်ယူခွင့်ပြုတဲ့ပမာဏနဲ့ အိန္ဒိယဘက်က သယ်ယူ ခွင့်ပြုတဲ့ပမာဏ မတူဘူးဖြစ်နေတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြန်လာရင် ပြန်ပြရတဲ့ အနေ အထား မျိုးတော့ရှိတယ်။ သို့သော် လက်တွေ့ပိုင်းမှာ ခရီးသွားတဲ့ များတဲ့အခါ၊ လေဆိပ်ပိုင်းမှာလဲ ပြန်စစ်နိုင် တဲ့ အနေအထားမရှိဘူး “ ဟု ဦးဘဟိန်းက ပြောသည်။

 အိန္ဒိယနိုင်ငံအတွင်းသို့ ရူပီး တစ်သိန်း ( မြန်မာငွေ ၂၂သိန်းခန့်) နှင့်ညီမျှသည့် ရွှေ နှင့် ကျောက်မျက် လက်ဝတ်ရတနာ အဆင်တန်ဆာ များကိုဝတ်ဆင်ခွင့်ပြုထားပြီး၊ ရွှေအတုံးအခဲ၊ ရွှေချောင်း၊ ရွှေပြား၊ အခေါက်ရွှေ၊ ဒုံးရွှေ နှင့် ရွှေဒင်္ဂါး များ ကိုဥပဒေအရ လုံးဝပိတ်ပင် ထားသည်။ ရန်ကုန်လေဆိပ် အကောက်ခွန် ဥပဒေတွင် ကျပ်သိန်း ၁ဝဝအောက် တန်ဖိုးရှိ သည့်ရွှေထည် လက်ဝတ် ရတနာ ပစ္စည်းများကို ဝတ်ဆင်ခွင့်ပြုထားသည်။

ယင်းကဲ့သိုတရားမဝင်ရွှေကုန်ကူးမှုများကြောင့် အိန္ဒိယနိုင်ငံလေဆိပ်များတွင် မြန်မာခရီးသည်များအပေါ် စစ်ဆေးမှု ပိုမို တင်းကြပ်လာသည်အပြင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းပုံရိပ်ကိုပါ ထိခိုက်စေနိုင်ခြင်းကြောင့် တရားမဝင်ရွှေမှောင်ခိုလုပ်ဆောင်နေသည့် ခရီးသွားကုမ္ပဏီများကို စုံစမ်း ဖော် ထုတ်အရေးယူသွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ ညှိနှိုင်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required