သမိုင်းဝင်သည့် နေ့စွဲသာမက သမိုင်းတွင်သည့် နေ့စွဲပါ ဖြစ်စေလိုသည်

သမိုင်းဝင်သည့် နေ့စွဲသာမက သမိုင်းတွင်သည့် နေ့စွဲပါ ဖြစ်စေလိုသည်

လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရတို့ အောက်တိုဘာ ၁၅ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် နေပြည်တွင်လက်မှတ် ရေးထိုးခဲ့ကြပြီ ဖြစ်သည်။ သမိုင်း ဝင် ရက်စွဲတစ်ခုအဖြစ် သတ်မှတ်၍လည်း ရနိုင်ပါသည်။ ထိုသမိုင်းဝင် ရက်စွဲကို မဇ္ဈိမက အသိအမှတ် ပြု ကြိုဆိုပါသည်။

သို့သော် သမိုင်းဝင်ခဲ့သော ရက်စွဲများသည် သမိုင်းမတွင်ခဲ့သော ရက်စွဲများ အဖြစ်စေရန်ကိုမူ သတိပေးလိုပါသည်။ NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ပါ ကတိကဝတ်များ ကို အတိအကျ လိုက်နာရန် သတိပေးလိုခြင်း ဖြစ်သည်။

NCA တွင်ပါဝင်သည့် ကတိကဝတ်များနှင့် လိုက်နာကျင့်သုံးရမည့် အချက်အလက်များကို နှစ်ဘက်လိုက်နာရန် လိုအပ်မည်ဖြစ်သကဲ့သို့ ထိုကတိ ကဝတ်များကိုလည်း တိတိပပ လိုက်နာကြရန် လိုအပ်ပါလိမ့်မည်။ သို့မဟုတ်ပါက ကတိတဝတ်များနှင့် စာချုပ်သို့မဟုတ် စာရွက်စာတမ်းတစ်ခုသည် သမိုင်း တွင်ခဲ့သော်လည်း သမိုင်းမဝင်သည့် မှတ်တမ်းတစ်ခုအဖြစ် တင်ကျန်ရစ်မည်ကို မဇ္ဈိမက သတိပေးလိုပါသည်။

အကြောင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်မှာပင် နယ်စပ်ဒေသများမှ တိုက်ပွဲနှင့် ပစ်ခတ်သံများ ကြားနေရခြင်းကြောင့် ဖြစ်သည်။ ထိုအချက်ကို သတိမူ၊ သတိပြုကြရန် အလေးအနက် အသိပေးလိုပါသည်။

သမ္မတ ဦးသိန်းစိန်၏ NCA လက်မှတ်ထိုးမှု အဖွင့်မိန့်ခွန်းတွင်လည်း ထိုအချက်ကို အထူး သတိပေးပြီးဖြစ်သည်။ အောက်တိုဘာ ၁၅ ရက် လက်မှတ်ထိုးမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ပါ ပါဝင် လက်မှတ်ရေးထိုး ကြသည်ကို တေ့ွရမည် ဖြစ်သည်။

နိုင်ငံတစ်ခု၏ ဦးစီးဦးဆောင်အကြီးအကဲများ ပါဝင်လက်မှတ်ရေးထိုးထားသည့် စာချုပ်သည် လေထဲတွင်ပင် လွင့်ပြယ်သွားသည့် စာရွက်တစ်ရွက်အဖြစ် သမိုင်းတွင် ပျောက်ပျက်မသွားစေလိုပါ။
အလားတူပင် လက်မှတ်ထိုးရန် အစိုးရက ဖိတ်ခေါ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း  ကျော်ရှိသည့်အနက် ထက်ဝက်ကျော်က ပါဝင်လက်မှတ်ရေးထိုးကြခြင်း သည် ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော်ဖြစ်သဖြင့် ဝမ်းမြောက်ဖွယ်ပင် ဖြစ်ပါလိမ့်မည်။

အခြားတစ်ဘက်က ကြည့်ပါမူ အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ ခံယူချက်နှင့် မြေပြင်အခြေအနေကိုလည်း ထည့်သွင်း တွက်ချက်ရန် လိုပါလိမ့်မည်။ အောက်တို ဘာ ၁၅ ရက် လက်မှတ်ထိုးမှုတွင် ပါဝင် လက်မှတ် ထိုးရန် ဖိတ်ကြားခြင်းခံရသော်လည်း ထို အခမ်းအ နားသို့ တက်ရောက်ခြင်းမရှိသည့် ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၏ အကြောင်းပြချက်မှာ သင့်လျော်မှန်ကန်သည်ဟု ယူဆရန် ရှိပါသည်။

ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အ စည်းများ အားလုံးပါဝင်သည့် လက်မှတ်ထိုးမှု ဖြစ်မှသလျင် အဓိပ္ပါယ် ပြည့်ဝသည့် လက်မှတ်ရေးထိုးမှု ဖြစ်လိမ့်မည်ဟု သဘောထားပေးထာသည်။ သင့်လျော် မှန်ကန်သည့် အကြောင်းပြချက်ပင် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၁၅ ရက် အဖွင့်မိန့်ခွန်းတွင်မူ လက်မှတ်မထိုးရသေး သည့် လက်နက်ကိုင်များအတွက် တံခါးအသင့် ဖွင့်ထားသည်ဟု ဆိုထားပါသည်။ အဆိုပါတံခါးသည် ဖွင့်ထားသော်လည်း စေ့ထားသည့် တံခါးမဖြစ်ရန် မဇ္ဈိမက တိုက်တွန်းပါသည်။ မည်သို့ပင်ဆိုစေ အချို့ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သမိုင်းဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည့် အားလျော်စွာ ဖွံ့ဖြိုးရေးနှင့် စာချုပ်ပါ အချက်အလက်များကို မမေ့သင့်ကြပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags