ရန်ကုန်မြို့၏ ၃၃ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို Yangon Excelsior Hotel တွင်တပ်ဆင်

ရန်ကုန်မြို့၏ ၃၃ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို Yangon Excelsior Hotel တွင်တပ်ဆင်
ဓာတ်ပုံ - Yangon Heritage Trust

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။        ။ ရန်ကုန်မြို့၏ ၃၃ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို စက်တင်ဘာ ၂၈ရက် မနက်ပိုင်းက ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက် လမ်းရှိ (ယခင်စတီးဘုရားသားကုမ္ပဏီအဆောက်အအုံ) ယခု Yangon Excelsior Hotel တွင် တပ်ဆင်ခဲ့ကြောင်း Yangon Heritage Trust မှ သိရသည်။

Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင်ထားသော အဆိုပါအဆောက်အအုံသည် စတီးဘုရားသား ရုံးချုပ်၏ တိုးချဲ့အဆောက်အုံအဖြစ် ၁၉၃၀ ခန့်က တည်ဆောက်ခဲ့ပြီး ၁၉၆ဝခုနှစ်ကျော်တွင် ကုန်သွယ်ရေး ကော်ပိုရေးရှင်းအမှတ် (၅)က အသုံးပြုခဲ့ကြောင်း Yangon Heritage Trust မှသိရသည်။

ထို့နောက်ပိုင်း မြန်မာ့ကုန်တိုက်ရုံးချုပ်အဖြစ်လည်းကောင်း၊ နယ်စပ် ကုန်သွယ်ရေးဌာနအဖြစ် ၂၀၀၈ ခုနှစ် အထိလည်းကောင်း အသုံးပြုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အခန်း ၇၄ ခန်းပါသော အဆင့်မြင့်ဟိုတယ် Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အဆောက်အအုံကို ဟိုတယ်အဖြစ်ပြောင်းလဲရာတွင် မူလလက်ရာများအား တတ်နိုင်သမျှ ဆက်လက် ပြင်ဆင်ထိန်းသိမ်းထားသည့်အတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်အတွက် အမွေအနှစ် ထိန်းသိမ်းရေးဆုများတွင် Best Adaptive Reuse Award ကိုရရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦီးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦီးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးနှင့် ဘုတ်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly